အဝေးပြေးလမ်း မတော်တဆမှု များလာသောကြောင့် ခရီးသည်တင်ယာဉ်များ အလုံးစုံ အာမခံထားသင့်ဟုဆို

ပို့စ်တင်ချိန် - 5/05/2014 07:44:00 PM



ရန်ကုန်၊ မေ ၅

အဝေးပြေးလမ်းတွင် မတော်တဆမှု များလာသောကြောင့် ယာဉ်လိုင်းပေါင်းစုံမှ ခရီးသည် တင်ယာဉ်အားလုံး မော်တော်ယာဉ် အလုံးစုံ အာမခံထားသင့်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဝေးပြေး လမ်းမများတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှု များကြောင့် ခရီးသည်များ အသက်ဆုံးရှုံးခြင်းနှင့် မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေပြီး ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များ နစ်နာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အလုံးစုံ အာမခံထားရှိရန် တိုက်တွန်းရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ယာဉ်မတော်တဆ ဖြစ်လို့ လူသေဆုံးခဲ့ရင် တစ်ဦးချင်းစီကို အထူးခရီးသွား အာမခံက သိန်းသုံးဆယ် ပေးလျော်မယ်။ သူတစ်ပါး ထိခိုက်မှု အာမခံက ငါးသိန်း၊ အလုံးစုံ မော်တော်ယာဉ် အာမခံထားတဲ့ ကားကို စီးတဲ့ ခရီးသည်က အခြားကားစီးသူတွေထက် ၁၀ သိန်းပိုရမယ်။ စုစုပေါင်း ၄၅ သိန်း ခရီးသည်က ရမယ်။ ပျက်စီးသွားတဲ့ ကားကိုလည်း အာမခံလုပ်ငန်းက ပြန်ပြင်ပေးမယ်” ဟု ၎င်းကဆိုသည်။

အဝေးပြေး ခရီးသည်ယာဉ်များက မတော်တဆ ဖြစ်ခဲ့လျှင် အခြားကားများထက် ဆုံးရှုံးမှုပမာဏ ပိုကြီးသည့်အတွက် မော်တော်ယာဉ် အလုံးစုံအာမခံကို မဖြစ်မနေ ထားသင့်ကြောင်း JJ Express အဝေးပြေး ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ၎င်းအမြင်ကို ပြောကြားသည်။
“ကျွန်တော်တို့ JJ ကားတွေ အားလုံးနီးပါး အလုံးစုံ မော်တော်ယာဉ် အာမခံထားတယ်။ ဒီအောင်မင်္ဂလာ အဝေးပြေးဝင်းထဲက အသိမိတ်ဆွေ တွေကိုလည်း အလုံးစုံ အာမခံထားဖို့ အမြဲတိုက်တွန်းပါတယ်။ အလုံစုံ အာမခံရဲ့ သဘောက သူပဲမှားမှား၊ ကိုယ်ပဲမှားမှား အာမခံက လျော်ပေးတယ်လေ” ဟု ၎င်းကဆိုသည်။

အလုံးစုံ အာမခံစနစ် ထားရှိရာတွင်လည်း ပုဂ္ဂလိက အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုပြီး နောက်ပိုင်း ပိုအဆင်ပြေလာကြောင်း ပြည်တွင်း Express အဝေးပြေး ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မြန်မာ့အာမခံလုပ်ငန်း တစ်ခုတည်း ရှိတုန်းက ယာဉ်တိုက်မှု ဖြစ်ပြီဆိုရင် အာမခံလုပ်ငန်းက လူတွေကို ကားကအစ ငှားပေးပြီး မနည်းပင့်နေရတယ်။ အခု အပြိုင်အဆိုင်တွေ လုပ်လာကြတော့ အဆင်ပြေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မော်တော်ယာဉ် အလုံးစုံ အာမခံကို မြန်မာ့အာမခံ လုပ်ငန်းတွင်သာမက ပြည်တွင်း ပုဂ္ဂလိက အာမခံလုပ်ငန်း များတွင်လည်း ထားရှိနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

The Voice