တမူးမြို့သို့ လက်နက်ခဲယမ်းများဖြင့် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ရှစ်ဦးကို စစ်ဆေးရာမှ လားရှိုးမြို့ရှိ ရေချောင်းအတွင်း မြှုပ်ဝှက်ထားသော မိုင်းများအပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပို့စ်တင်ချိန် - 5/18/2014 11:38:00 AM

လားရှိုးမြို့ရှိ ရေချောင်းအတွင်း တူးဖော်ရရှိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့အတွင်းသို့ လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ရှစ်ဦးကို ဆက်လက်စစ်ဆေးရာ လားရှိုးမြို့ရှိ ရေချောင်းအတွင်း မြှုပ်ဝှက်ထားသော တရုတ်နိုင်ငံလုပ် မိုင်းများအပါအဝင် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မေ ၁၇ ရက်တွင် စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ တမူးမြို့တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ရှစ်ဦးအနက် တစ်ဦး၏ အစစ်ခံထွက်ဆိုချက်အရ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့်နယ် မြေခံတပ်မတော်တို့ပူးပေါင်းပြီး အစစ်ခံထွက်ဆိုထားသည့်နေရာအား အသေးစိတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာတွင် လားရှိုးမြို့ ၁၂ ရပ်ကွက် နယ်မြေ ၃ လယ်ကွင်းအနီး ဝါးရုံပင်အောက် အကျယ် ၁၂ ပေ၊ အနက် ၆ ပေ ရှိ ရေချောင်းအတွင်းမှ AK အမျိုးအစား သေနတ်နှစ်လက်၊ ၎င်း၏ ကျည်အိမ်နှစ်ခု၊ မောင်းတုံတစ်ခု၊ ၆ ဒသမ ၇၂ ကျည် အတောင့် ၁၃ဝ ၊ ဒီတိုနေတာ ၁၃ ချောင်း၊ တရုတ်နိုင်ငံလုပ် ရှေ့ထွက်မိုင်းလေးလုံး၊ ရှေ့ထွက်မိုင်း ဆက်စပ်ပစ္စည်းလေးခု၊ 9V ဘက်ထရီ လေးခု၊ လှံစွပ်တစ်ချောင်း၊ ပြောက်ကျားယူနီဖောင်း အဝါရောင်သုံးစုံနှင့် အစိမ်းရောင်လေးစုံ၊ တရုတ်နိုင်ငံလုပ် ဘေးလွယ်အိတ် (အသေး) တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်ဆွေဝင်းက“သူတို့ကို အဓိကတော့ မန္တလေးမှာ စစ်ဆေးနေတာပါ။ ထွက်ဆိုထားတဲ့အတိုင်း လက်နက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့တွေ အနေနဲ့ ကြေးစားစစ်သားသဘောမျိုးလုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အကြမ်းဖျင်း ကြားသိထားရတယ်။ တစ်နေရာကနေတစ်နေရာကို သွားတဲ့အခါမှာ ပိုနေတဲ့ လက်နက်ခဲယမ်းတွေကို မြှုပ်ထားခဲ့တယ်လို့ ထင်ရပါတယ်” ဟု မေ ၁၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် “ အဲဒီတရုတ်လူမျိုး ရှစ်ဦးကို သတင်းရဲတပ်ဖွဲ့၊ စရဖပါဝင်တဲ့ အထူးပူးပေါင်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေတယ်။ သူတို့ဘက်က ထွက်ဆိုလာတဲ့ အချက်အလက်တွေကို အဆုံးအထိ စစ်ဆေးဖော်ထုတ်နေပါတယ်။ အခုလက်ရှိအချိန်အထိ ထပ်မံတွေ့ခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့ အမှုထပ်ပြီး မဖွင့်သေးပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းစိန်က မေ ၁၇ရက်နေ့ နံနက်ပိုင်းတွင် သုံးသပ် ပြောကြားခဲ့သည်။

ဧပြီ ၂၅ ရက် နံနက် ၄ နာရီ မိနစ်၂ဝ တွင် တမူးမြို့အဝင် သုံးမိုင်စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကားတစ်စီး မီးထိုးမောင်းနှင်လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က တားဆီး စစ်ဆေးရာ ရပ်တန့်ပေးခြင်းမရှိဘဲ တမူးမြို့အတွင်း မောင်းပြေးသဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။ အဆိုပါမော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လှည့်မောင်းနှင်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မြို့နယ်အဝင် ၃ မိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီးရမိခဲ့သည်။

တရုတ်လူမျိုး ရှစ်ဦး စီးနင်းလိုက်ပါလာသော ကားပေါ်တွင် လက်နက်ငယ်ရှစ် လက်၊ လက်နက်ကျည် ၁၈၆ဝ၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေးစကားပြော စက်ငါး လုံး၊ တရုတ်စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံမြေပုံတစ်ချပ်၊ စစ်သုံးဓားမြှောင် သုံးချောင်း၊ လက်ကိုင်ဖုန်းလေးလုံး၊ စစ်သုံး ချပ်ဝတ်တန်ဆာရှစ်စုံ၊ အဝေးကြည့်မှန်ပြောင်း တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းတရုတ်လူမျိုးများကို လုံခြုံရေးအရ မုံရွာထောင်မှ မန္တလေးတိုင်းဒေသကြီးရှိ အိုးဘိုထောင်တွင် ထားရှိစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။

Eleven Media Group