Cars Subsidy Scheme ငါပါနှစ်ကောင်ဖြစ်တော့မယ်

ပို့စ်တင်ချိန် - 5/29/2014 11:11:00 AM



ဆရာတော်ကြီးတပါးရှိတယ်။ ကျောင်းသင်္ခန်းအထွက်မှာ ခွေးတကောင်က ကိုက်တော့မတတ် ဟောင်တဲ့အခါ၊ ရုတ်တရက် ဒေါသထွက်ရာကနေ ခွေးကိုရိုက်မယ်ဟန်ပြင်ရင်းက သတိပြန်ဝင်လို့ “တယ့့် ဒီခွေး ရိုက်လိုက်ရ၊ ငါပါနှစ်ကောင် ဖြစ်သွားမယ်” လို့ မိန့်တော်မူပါတယ်။

‘ကားပါမစ်’ ဆိုတာ သူများတိုင်းပြည်မှာမရှိပါ။ ‘ပါမစ်’ လုပ်စားတဲ့နိုင်ငံရေးကို ‘ဖဆပလ’ ခေတ်ကတည်းက စခဲ့တယ်။ ‘အင်ပို့လိုင်စင်’ ကို အာဏာရပါတီနဲ့ ပတ်သက်သူတွေသာရတယ်။ ‘မဆလ’ ခေတ်မှာ တံခါးတွေပိတ်ထားလို့ အပြင်ကနေ ဘာကုန်ပစ္စည်းမှ ဝင်လို့မရဘူး။ အများစုလူထုက အရောင်းဘီရိုအခွံသာရှိတာများတဲ့ ကုန်သွယ်ရေးဆိုင်တွေကနေဖြစ်ဖြစ်၊ ခွဲတမ်းနဲ့ရောင်းတဲ့ သမဆိုင်တွေကနေဖြစ်ဖြစ် တန်းစီဝယ်ရလို့ ‘တန်းစီတိုးစားလူတန်းစား’ ဆိုတာဖြစ်လာခဲ့ရတယ်။ ဒါပေမဲ့ ပဒုမ္မာလို အထူးဆိုင်တွေကနေတော့ ပါတီ-ကောင်စီက လူကြီးတွေကသာ ဝယ်ယူခွင့် ရှိတယ်။

အခုအစိုးရလက်ထက်မှာ ‘ပါမစ်စနစ်’ ဆန်းသစ်လာတယ်။ ‘ငြိမ်းချမ်းရေး’ ခေါင်းစဉ်အောက်မှာ အကြုံးဝင်တဲ့ အဖွဲ့အစည်းတွေကို အဖွဲ့ကြီးကြီးသလို ပါမစ်တွေ၊ အခွန်လွတ်တွေ ချပေးသတဲ့။ အခုလာပြန်ပြီ နိုင်ငံရေးပါတီတွေကိုပါ အဲလိုဟာတွေ ချပေးမယ်တဲ့။ ချပေးလို့ရတာကို လက်လွှဲရောင်းရင် အမြတ်အစွန်းတွေ နင့်နေအောင်ရကြပုံကြတယ်။ အဲဒီသက်သာခွင့်ရစေတဲ့ ပိုက်ဆံတွေက ဘယ်ကနေလာလို့၊ ဘယ်နေရာကနေ ဆုံးရှုံးနေပါသလဲ။ နာမည်ကောင်းယူနေသူ အစိုးရကော နာမည်ကောင်း တကယ်ရပါရဲ့လား။

Subsidy ‘ဆပ်ဆီဒီ’ ဆိုတာ စီးပွါးရေးကဏ္ဍမှာ ငွေကြေးနဲ့ဖြစ်စေ ထောက်ပံ့မှုတမျိုးမျိုးနဲ့ဖြစ်စေ စီးပွါးတိုးတက်ရေးအတွက် ဖြစ်ဖြစ်၊ လူမှုရေးတိုးတက်ဘို့ဖြစ်ဖြစ် ရည်ရွယ်ပြီး သတ်မှတ်ပေးတာကိုခေါ်တယ်။ အစိုးရကနေရော အစိုးရမဟုတ်တဲ့ အဖွဲ့တွေကနေပါ လုပ်ကြတယ်။ တိုက်ရိုက်ပေးနည်းဆိုတာ ငွေကြေး၊ အခွန်လွတ် ချေးငွေပေးတာနဲ့ သွယ်ဝှိုက်နည်းဆိုတာ အခွန်လျှောပေါ့ပေးတာနဲ့ အာမခံပေးတာ၊ အတိုးနှုန်းနည်းတာ၊ လျှော်ပြစ်တာ၊ ငှားခမယူတာတွေ ဖြစ်တယ်။ Subsidization ‘ဆပ်ဆီဒိုက်ဇေးရှင်း’ ဆိုတာ ကုန်ကျငွေကို သက်ဆိုင်သူဆီကနေမဟုတ်ဘဲ တခြားကနေရာကနေ ယူတာကို ခေါ်တယ်။

အခွန်ကို စနစ်တကျနဲ့ များများရအောင် ကောက်နိုင်တဲ့အစိုးရကို ချီးမွမ်းတယ်။ အခွန်တွေကို လိုတဲ့နေရာတွေမှာ သုံးတတ်တဲ့ အစိုးရကို ချီးကျူးကြတယ်။ အခွန်အကောက်ကို တလွဲသုံးတဲ့အစိုးရဆိုတာ အခုတက်နေတဲ့အစိုးရ ဖြစ်ပါတယ်။ တိုင်းပြည်ကနေ ရသင့်ရထိုက်တဲ့အခွန်တော်ကို ‘နိုင်ငံရေးလက်နက်’ လိုသုံးနေတယ်။ ‘လူသတ်လက်နက်’၊ ‘ဖွဲ့စည်းပုံလက်နက်’၊ ‘အသပြာလက်နက်’၊ ‘အခွန်လက်နက်’၊ ‘လက်နက်စုံနဲ့ အာဏာကုန် သုံးနေတဲ့အစိုးရ’ ဖြစ်နေတယ်။

မစင်ကြယ်တဲ့ အလှူခံပစ္စည်းဆိုတာ သူတော်ကောင်းများကနေ လက်မခံကောင်းပါ။ နိုင်ငံရေးပါတီတွေကို “ငါပါနှစ်ကောင် ဖြစ်မဲ့ဇာတ် သွင်းနေတာ” လို့ ယူဆပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၄
ဝဝ နာရီ၊ ၁၄ မိနစ်။