ခြံပိုင်ဆိုင်ခွင့်အတွက် သက်သေနှင့် မှတ်တမ်းအတုများ အသုံးပြု၍ တရားစီရင်ရေးစနစ်အတွင်းလုပ်ဆောင်ပုံ အကြောင်းအရာများကို DVB က မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအား ရှင်းလင်း

ပို့စ်တင်ချိန် - 5/09/2014 01:16:00 PM


တရားလိုတင်ပြသည့် သေစာရင်းနှင့် DVB မှ ရရှိထားသည့် သေစာရင်းနှစ်ခု ကွဲလွဲနေပုံအား DVB ၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်
ဘိန်းဘုရင်အဖြစ် နာမည်ကျော်ခဲ့သူ လော်စစ်ဟန်၏ တူတော်စပ်သူဟုဆိုသည့်  လီယွန်းကျင်ဆိုသူ ၀ယ်ယူခဲ့သည့် ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိသည့် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ ခြံကွက် နှစ်ကွက်အား ဒေါ်လျောင်ငုတ်လင်(ခ) ဒေါ်စန်းစန်းရီဆိုသူက သက်သေနှင့် အထောက်အထားအတုများကို အသုံးပြု၍ ပိုင်ဆိုင်မှုရရန် လုပ်ဆောင်သည့်အကြောင်းအရာများကို ရိုက်ကူးထားသည့် “တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇” စုံစမ်းထုတ်ဖော် ဗီဒီယိုမှတ်တမ်းအကြောင်း သတင်းစာရှင်းလင်းပွဲအား မေ ၈ ရက်က တာမွေမြို့နယ် နှင်းဆီလမ်းရှိ မြန်မာနိုင်ငံအခြေစိုက် DVB သတင်းဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းအား ရိုက်ကူးနိုင်ရန် DVB သတင်းဌာနက လေးလကျော် အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ DVB သတင်းဌာနက ရိုက်ကူးထားသည့် မှတ်တမ်းတွင် လီယွန်းကျင်ဆိုသူသည် ကိုးကန့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကိုးကန့်နယ်မြေအတွင်း အကြီးဆုံးဘိန်းချက် စက်ရုံအား တည်ဆောက်ခဲ့သူဖြစ်ကြောင်း စသည့်အချက်များအား လီယွန်းကျင်က ခန့်အပ်ခဲ့သည့် ခြံစောင့် ဦးဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရိုက်ကူးတင်ပြထားသည်။

လီယွန်းကျင်က ခြံနှစ်ခြံအား အခြားသူ၏ မှတ်ပုံတင်ဖြင့် ၀ယ်ယူခဲ့ကြောင်း အထောက်အထားများအပါအ၀င် DVB သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ လီယွန်းကျင်ဆိုသူသည် လော်စစ်ဟန်၏ ကိုးကန့် လက်နက်ကိုင်တပ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ၏ ဦးစီးကော်မတီဝင် ဖြစ်ကြောင်း ကိုးကန့်နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရယူထားစဉ် မှတ်ပုံတင်အတုဖြင့် ရန်ကုန်မြို့သို့ လာရောက်၍ ၁၉၉၇ ခုနှစ်က အဆိုပါ ၅ ဧကကျော်ရှိ ယင်းခြံကွက် နှစ်ကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ကိုးကန့်အကြား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ဟန်ရှိကြောင်း စသည့်အချက်အလက်များအား ရိုက်ကူးတင်ပြထားသည်။

အဆိုပါ ခြံနှစ်ခြံအား အမည်ပြောင်းရန် နှင့် ခြံစောင့် ဦးဝင်းထွန်းအား ထွက်သွားပေးရန် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ DVB သတင်းဌာနက ဒေါ်လျောင်ငုတ်လင်အား တွေ့ ဆုံကာ ဒေါ်လျောင်ငုတ်လင် တင်ပြသည့် အချက်များဖြစ်သည့် လီယွန်းကျင်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည့် လက်ထပ်ကျမ်းကျိန်လွှာ၊ သေစာရင်း၊ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဆိုသည့် ဖိတ်စာ၊ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံများ စသည့် အချက်အလက်များ မှန်ကန်မှုရှိ မရှိအား DVB သတင်းဌာနက စုံစမ်းဖော်ထုတ်ရာတွင် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရိုက်ကူးဖော်ပြထားသည်။

DVB သတင်းဌာနက သေစာရင်း ထုတ်ပေးခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆေးရုံ နှင့် စင်ကာပူနိုင်ငံလိပ်စာပါ လူနာနေအိမ်သို့ သွားရောက်မေးမြန်းရာ ဒေါ်လျောင်ငုတ်လင်(ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် သေစာရင်းမှာ လွဲမှားနေသည့် အချက်အလက်များစွာ ပါဝင်နေကြောင်း ရိုက်ကူးတင်ပြထားသည်။

ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် အချက်အလက်များမှာ မှတ်တမ်းအတုများသာဖြစ်ကြောင်း လီယွန်းကျင်  ခြံဝယ်ယူရန် လာရောက်စဉ်က ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီမှာ စကားပြန်အဖြစ်သာ ပါဝင်ခဲ့ကြောင်း ပြောဆိုသည့် ကျွန်းကလေးကျေးရွာမှ တာဝန်ရှိသူ အပါအ၀င် ဒေါ်လျောင်ငုတ်လင်နှင့် သူမ၏ရှေ့နေများ၊ နေရာဌာနများစွာသို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကိုလည်း ရိုက်ကူးတင်ပြထားကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် တစ်ဖက်သတ် စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဒေါ်လေးလေးမွန်သည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖြစ်နေကြောင်းနှင့် တရားလိုဘက်က တင်ပြထားသည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းအတုများအပေါ် အခြေခံကာ တရားလိုကို တစ်ဖက်သတ် အနိုင်ဒီဂရီချပေးခဲ့ကြောင်း၊ သက်သေ အထောက်အထားများ မှန်ကန်မှုရှိ မရှိကို အလွယ်တကူလုပ်နိုင်သည့် စိစစ်မှုမျိုး လုပ်ရန်ကိုပင် တရားရုံးက ပျက်ကွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ်ကာလအတွင်း တရားလိုတင်ပြသော အချက်အလက်များကို တန်ပြန်ချေပသူ မရှိဘဲဖြစ်ခဲ့ရကြောင်း DVB  နှင့်သီးသန့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းတို့ကို DVB သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရားသူကြီး ဒေါ်လေးလေးမွန် နှင့်တွေ့ဆုံခဲ့သည်များကိုလည်း မှတ်တမ်း ဗီဒီယိုတွင် ဖော်ပြထားသည်။

DVB သတင်းဌာနအနေဖြင့် အဆိုပါအမှုအား ဖော်ထုတ်ရာတွင် တာဝန်ရှိသူအသီးသီးက ဖြေဆိုရန် ငြင်းပယ်ခြင်းများ ကြုံ တွေ့ခဲ့ရသည့်အတွက် မှတ်တမ်းဗီဒီယိုအား ခိုးပြီးရိုက်ကူးမှုများ ပြုလုပ်ခဲ့ရကြောင်း အများပြည်သူအကျိုးအတွက် အဆိုပါမတရားမှုအား ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် ယခုဖော်ထုတ်သည့် အမှုတွဲမှာ တရားရုံးက အနိုင်ဒီဂရီ ချမှတ်ပြီးသည့် တရားစွဲမှုနှစ်ခုဖြစ်သော ၄၁၆ နှင့် ၄၁၇ ကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ယခုအမှုမှာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ တရားမကြီးအမှု အမှတ် ၁၇ ဖြင့် ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကြောင်း စသည့်အချက်များအား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဦးခင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ တရားစီရင်ရေးစနစ်၏ လွဲမှားချွတ်ချော်မှုအား ထောက်ပြရခြင်းမှာ DVB သတင်းဌာန၏ မကွေးသတင်းထောက် ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် မသက်ဆိုင်ကြောင်း ကိုဇော်ဖေ၏အမှုမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က တရားစွဲဆိုခံရခြင်းဖြစ်ပြီး ယခုခြံနှစ်ကွက်အမှုမှာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရသည့် DVB သတင်းထောက် ကိုဇော်ဖေ စီရင်ချက်မချမီ ၂၀၁၃ ဒီဇင်ဘာလက စတင်စုံစမ်းဖော်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း DVB သတင်းဌာနသည် Professional ပီသသည့် သတင်းဌာန တစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ခြံစောင့်ဦးဝင်းထွန်းကလည်း အဆိုပါ ခြံကွက်နှစ်ကွက်၏ မူလပိုင်ရှင်ဖြစ်သူ လီယွန်းကျင်သည် လက်ရှိကာလအထိ သေသည်ရှင်သည်ဆိုသည့် အခြေအနေတစ်ခုခုအား သိရှိမှုမရှိကြောင်း ထိုသို့သော အခြေအနေတွင် တာဝန်ပေးအပ်ထားသည့် အလုပ်တာဝန်တစ်ခုအား ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီယွန်းကျင်သည် ဘိန်းဘုရင် လော်စစ်ဟန်၏ တူဖြစ်သူဆိုခြင်း၊ လီယွန်းကျင် ပိုင်ဆိုင်သည့် မြေကွက်နှစ်ခုအား ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက ပိုင်ဆိုင်ရန် လုပ်ဆောင်နေခြင်းအပေါ် လော်စစ်ဟန်တို့ဘက်က တုန့်ပြန်မှုရှိ မရှိ စသည့် အချက်များအပေါ်  EMG က မေးမြန်းရာတွင် လီယွန်းကျင်သည် လော်စစ်ဟန်၏ တူဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ၊ ယုံကြည်ရသည့် အထောက်အထားများ ရှိသည့်အတွက် DVB  က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ် စန်းစန်းရီက ခြံကွက်နှစ်ကွက်အား ပိုင်ဆိုင်ရန် လုပ်ဆောင်နေမှုအား လော်စစ်ဟန် ပြောနိုင်ခွင့်ရှိသည့် အနေအထားမဟုတ်၍ ၀င်ရောက်စွက်ဖက်မရကြောင်း ထို့ပြင် လီယွန်းကျင်က ခြံဝယ်ယူစဉ်ကလည်း မှတ်ပုံတင်အတုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်နေကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထိုသို့ ဖြစ်နေသည့် အနေအထားတစ်ခုတွင် သမ္မာန်စာဆင့်ဆိုသည့် အနေအထားများ၊ လင်မယားဖြစ်ကြောင်း ခိုင်လုံအောင် တင်ပြရန်လိုအပ်သည့် အနေအထားများ အချိန်ငါးလကျော်အတွင်း စစ်ဆေးခဲ့သည့် ၄၁၆ နှင့် ၄၁၇ အတွက် အမှန်တရားနှင့် ဝေးကွာသည့် အနေအထားတစ်ခု ဖြစ်နေကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။

News Eleven