Google Glass ကိုယှဉ်ပြိုင်ရန် Samsung စီစဉ်နေ

ပို့စ်တင်ချိန် - 5/22/2014 01:16:00 PM


Samsung သည် Google ကိုယှဉ်ပြိုင်နိုင်ရန် မျက်မှန်အဖြစ် ဝတ်ဆင်နိုင်သော ထုတ်ကုန်ကိုထုတ်လုပ်ရန် စီစဉ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က Google Glass သည်အမေရိကန်နိုင်ငံတွင် open beta ကိုမိတ်ဆက်ခဲ့ပြီး ယခုအခါတွင် ဒေါ်လာ ၁,၅၀၀ (ပေါင် ၈၉၀)  ဖြင့်ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များကို ရောင်းချလျက်ရှိသည်။ Samsung အနေဖြင့်လည်း Google ကဲ့သို့ပင်မျက်မှန်အဖြစ် ဝတ်ဆင်နိုင်သော ထုတ်ကုန်များကိုထုတ်လုပ်ရန် စီစဉ်နေပြီး Business Korea ၏ဖော်ပြချက်အရ Samsung သည် စက်တင်ဘာလတွင် Gear Glass  ဟုခေါ်ဆိုသည့် အင်တာနက်အသုံးပြုနိုင်သော မျက်မှန်ကိုထုတ်လုပ်ဖွယ် ရှိကြောင်းဖော်ပြခဲ့သည်။ Gear Glass တွင်အကြောင်းအရာများကို မျက်လုံးတစ်လုံးတည်းဖြင့် ကြည့်ရှုရန်သေးငယ်သော prism ပါဝင်ကာ အသံများနားထောင်ရန် အပေါက်လေးများလည်း ပါဝင်ဖွယ်ရှိသည်။ အဆိုပါထုတ်ကုန်တွင် Samsung ကအဓိကတိုးတက်အောင် လုပ်ဆောင်နေသည့် open-source software ဖြစ်သော Tizen operating system ကိုအသုံးပြုဖွယ်ရှိသည်။

မိမိတို့သည် ပထမဦးဆုံး စမတ်နာရီကို ထုတ်လုပ်သွားမည်ဖြစ်ပြီး အရေအတွက်များပြားသော စမတ်မျက်မှန်နည်းပညာနှင့် မူပိုင်ခွင့်များကိုလုံခြုံစွာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်စက်တင်ဘာ လတွင် စမတ်နာရီ  Galaxy  Gear ကိုမိတ်ဆက်ခဲ့ပြီး ယခုနှစ်စက်တင်ဘာလတွင် Gear Glass ကိုမိတ်ဆက်သွားဖွယ်ရှိကြောင်း Samsung ပြောရေးဆိုခွင့်ရှိသူက Business Korea ထံပြောကြားခဲ့သည်။

-စိုးထက်

Ref: Telegraph
Internet Journal