နို့စို့တာနဲ့ HIV ပိုးကူးမကူး

ပို့စ်တင်ချိန် - 5/08/2014 07:15:00 AM


မေး။ ။ အနောက်တိုင်းရုပ်ရှင်တွေထဲကလို ပါးစပ်ချင်းနမ်းရင် ကူးနိုင်ပါသလား။

ဖြေ။ ။ သွားဖုံးသွေးယိုလို့ဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်းနမ်းလို့ ပွန်းပဲပြီး သွေးထွက်လာရင်ဖြစ်ဖြစ်၊ အဲဒီသွေးကနေတစ်ဆင့် ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ပါးစပ်မှာ အနာရှိရင် ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ သာမာန် နမ်းရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။

မေး။ ။ ရောဂါပိုးရှိသူ၊ ရောဂါဖြစ်နေတဲ့သူနဲ့ တစ်အိမ်တည်းအတူတူနေရင် ကူးနိုင်ပါသလား။

ဖြေ။ ။ မကူးနိုင်ပါဘူး။ တစ်အိမ်တည်းနေပြီး လိင်ဆက်ဆံမှုရှိတဲ့ သူတွေအချင်းချင်းပဲ ကူးနိုင်ပါတယ်။ အတူနေတဲ့ အခြားလူတွေကို မကူးနိုင်ပါဘူး။

မေး။ ။ ရောဂါသည် လူမမာကို ပြုစုပေးနေရတဲ့ သူတွေမှာကော ရောဂါဖြစ်လာနိုင်ပါသလား။

ဖြေ။ ။ လူနာရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေ (ဥပမာ- အနာကထွက်တဲ့ သားငံရည်၊ ချွဲ၊ သိလိပ်) ထဲမှာ ရောဂါပိုး အနည်းအကျဉ်း ပါပါတယ်။ ဒါပေမဲ့ လူနာကိုကိုင်တွယ်ပြုစုရလို့ ရောဂါကူး မှာသိပ်စိုးရိမ်စရာ မလိုပါဘူး။ ရောဂါပိုးဟာ ပွန်းပဲ့ဒဏ်ရာမရှိတဲ့ အရေပြားကို ဖောက်ပြီး မဝင်နိုင်ပါဘူး။ လက်မှာ ပွန်းပဲ့ဒဏ်ရာရှိမယ်၊ အနာရှိမယ်ဆိုရင် လူနာရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေ၊ အနာတွေ၊ အဲဒီအရည်တွေ စွန်းပေနေတဲ့ အိပ်ရာခင်းတွေ အဝတ်တွေကို ကိုင်တွယ်တဲ့အခါ ပလပ်စတစ် အိတ်ကိုသုံးပါ။ ကိုင်တွယ်ပြီးရင် လက်အိတ်ကို ချွတ်ပြီး လက်ကိုရေ၊ ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။ ဒါဆိုရင် မကူးနိုင်တော့ပါဘူး။

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါရှိနေသူရဲ့ အိမ်က ချက်ပြုတ်ရောင်းချတဲ့ အစားအစာကို စားမိရင်ရောဂါ ကူးစက်နိုင်ပါသလား။

ဖြေ။ ။ လုံးဝကို မကူးနိုင်ပါဘူး။ ဒီရောဂါပိုးဟာ လူ့ခန္ဓာကိုယ်အပြင်ဘက်မှာ အသက်ရှင်နိုင်ခွင့်နည်းပါး ပါတယ်။ အပြင်ကစားသောက်ဆိုင်တွေမှာ ဘယ်ဆိုင်မှာဖြင့်ရောဂါပိုးရှိတဲ့ သူရှိတယ်၊ ရောဂါဖြစ်နေတဲ့ သူတွေရှိတယ်ဆိုတာ မသိနိုင်ပါဘူး။ အစားသောက်ကနေ ကူးမယ်ဆိုရင် အပြင်က ထမင်း၊ ဟင်း၊ မုန့်ပဲ သရေစာတွေ ဝယ်စားတဲ့သူတွေ အားလုံးရောဂါ ရကုန်မှာပေါ့။ လူအများဟာ ရောဂါဖြစ်နေတဲ့ သူတွေ ဆီက ရောဂါကူးမှာကိုကြောက်ကြပါတယ်။ တစ်ကယ်တော့ ရောဂါမပေါ်သေးပဲရောဂါပိုးရှိနေတဲ့ သူတွေဆီက ကူးမှာ ပိုတောင်ကြောက်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သာမာန် လူကောင်းတစ်ယောက်လိုပဲ ပုံပန်းမပျက် သန်သန်မာမာ ရှိနေကြသေးလို့ဖြစ်ပါတယ်။

မေး။ ။ ရောဂါရှိတဲ့ မိခင်ဆီကနေ သန္ဓေသားကို ဘယ်လိုကူးစက်တာပါလဲ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ရောဂါပိုးဟာ အချင်းကနေတစ်ဆင့် သန္ဓေသားကို ကူးစက် ပါတယ်။ မိခင်ရဲ့သွေးထဲမှာရှိနေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး အနည်းအများအပေါ် မူတည်ပြီး သန္ဓေသားကို ကူးစက်ပါတယ်။ မီးဖွားတဲ့ အချိန်မှာ မိခင်ရဲ့သွေး၊ မွေးလမ်းကြောင်းက အရည်တွေနဲ့ ထိတွေ့ပြီးလဲ ရောဂါ ပိုးကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးကို ကူးစက်မှုနှုန်းကတော့ ကလေး ၃ ယောက်မှာ ၁ ယောက်နှုန်းပဲ ကူးစက်ပါတယ်။

မေး။ ။ မိခင်နို့ကနေ ကလေးကို ကူးနိုင်ပါသလား။

ဖြေ။ ။ မိခင်နို့ရည်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး အနည်းအကျဉ်း ရှိပါတယ်။ ဒါကြောင့်ရောဂါပိုးရှိတဲ့ မိခင်ရဲ့ နို့စို့ရတဲ့ ကလေးခုနစ်ယောက်မှာ တစ်ယောက်ဟာ ရောဂါပိုး ကူးစက်ခံရဖို့ ရှိပါတယ်။ အထူးသဖြင့် မိခင်မှာ ရောဂါပိုး ကူးစက်ဖြစ်ပွားခါစ အချိန်ရယ်၊ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာတွေ စပေါ်တဲ့ အချိန်ရယ်၊ ဒီနှစ်ချိန်မှာ ကလေးကို ကူးစက်မှုနှုန်း ပိုမြန်ပါတယ်။

မေး။ ။ ဒါဆိုရင် ကလေးကို မိခင်နို့တိုက်သင့်ပါသလား။

ဖြေ။ ။ နို့မှုန့်၊ နို့ဘူးကို လုံလုံလောက်လောက်နဲ့ သန့်သန့်ရှင်းရှင်း မတိုက်နိုင်ရင် ကလေးငယ်ဟာ ဝမ်းလျှောရောဂါ၊ အာဟာရချို့တဲ့ ရောဂါတွေဖြစ်ပြီး အသက်ဆုံးရှုံး တတ်ပါတယ်။ အဲဒီလို ဝမ်းလျှော ရောဂါ၊ အာဟာရချို့တဲ့ ရောဂါတွေကြောင့် ကလေးသေပျောက်နှုန်းဟာ မိခင်နို့တိုက်လို့ အိတ်ခ်ျအိုင်ဗွီ ကူးပြီး ကလေးသေနှုန်းထက် ပိုများပါတယ်။ ဒါကြောင့် မိခင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပြီး နို့မှုန့်၊ နို့ဘူးကို စံချိန်မီ သန့်သန့်ရှင်းရှင်းတိုက်ဖို့ မတတ်နိုင်ရင် မိခင်နို့တစ်မျိုးတည်းကိုပဲ သီးသန့် ၄ လမှ ၆ လ ခန့်အထိ တိုက်သင့်ပါတယ်။ ဒီအပြင် အိတ်ခ်ျအိုင်ဗွီပိုးမရှိသူ မိခင်များကလဲ သံသယစိတ်ဝင်ပြီး မိမိကလေးကို နို့ မတိုက်ဖြစ်မှာလဲစိုးရိမ်ရပါသေးတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက် ဖို့ တိုက်တွန်းသင့်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
HIM