လွတ်လပ်လို၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မီဒီယာစာမျက်နှာ၌ တရားဝင် ပြောကြား

ပို့စ်တင်ချိန် - 5/09/2014 02:33:00 PM


(ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းအတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးကို ယခုအချိန်တွင် သာမက နောင်တွင်လည်းရလိုကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မီဒီယာစာမျက်နှာ၌ တရားဝင်ပြောကြား လိုက်သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် မကြာသေးမီက အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးနောက် ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

“... အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတာက ကျွန်တော်တို့ ကချင်လူမျိုးများဟာ လွတ်လပ်ရေးရချင်လို့အတွက် စဖြစ်ခဲ့ကြတာ ဖြစ်တယ်။ ဒီကနေ့လည်း လွတ်လပ်ရေးကိုလိုချင်တယ်။ နောင်လည်းလိုချင်တယ်။ ကျွန်တော်တို့ အခုဆွေးနွေးနေတာက ကျွန်တော်တို့ရဲ့ အရင်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြတဲ့ ပြည်ထောင်စုမှာအတူတကွ တန်းတူနေထိုင်နိုင်ရေး ဖြစ်ပါ တယ်...”ဟု ဗိုလ်ချုပ်ဂွမ်မော်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဂွမ်မော်နှင့် ဧရာဝတီသတင်းဌာနတို့ တွေ့ဆုံမေးမြန်းခြင်းကို မေ ၆ရက်တွင် ဧရာဝတီ မြန်မာပိုင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည့်နည်းတူ မေ ၈ ရက်ထုတ် ဧရာဝတီသတင်းဂျာနယ် စာမျက်နှာ ၆ တွင် လည်း ဖော်ပြခဲ့သည်။

“ဒါကြောင့် ကျွန်တော်တို့ ကချင်တိုင်းရင်းသားများ လက်ခံနိုင်တဲ့ နိုင်ငံရေးအနေအထားကိုပေးပါ။ ကျွန်တော်တို့ အတူတကွနေမယ်လို့ ဆွေးနွေးနေတာ ဖြစ်တယ်။ နိုင်ငံတော်ကနေ ဘယ်တော့မှ မခွဲထွက်ဘူးလို့ လက်မှတ်ထိုးမယ့်အစား၊ နိုင်ငံတော်ကနေ ခွဲထွက်စရာမလိုအောင် ဘယ်လိုအတူတကွနေကြမလဲလို့ ဆိုတဲ့အပိုင်းကို အဓိကထားပြီး ကျွန်တော်တို့ ထောက်ပြနေတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲများလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထို့ပြင် KIA နှင့် ကချင်တိုင်းရင်းသားအချို့အကြား လူမျိုးစွဲအခြေခံသည့် ပြင်းထန်သော အယူအဆများရှိနေပြီး “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်လိုခြင်း အယူဆများလည်း ကာလရှည်ကြာကတည်းက ရှိနေခဲ့သည်။ ထိုအချိန်တွင် အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ခါစ ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေးလိုချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပါသည်။

“လွတ်လပ်ရေးဆိုတာက ဘာကိုဆိုလိုတာလဲ။ အဲဒါကို အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်းပြောဖို့ လိုအပ်မယ်။ ကျွန်မသိရသလောက်တော့ ကျွန်မတို့ ကချင်လူထုကြားမှာ သီးသန့်နိုင်ငံ ထူထောင်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျွန်မတို့ ကချင်လူထုက ဒီမိုကရေစီလမ်းကြောင်းအရ လွတ်လပ်စွာနေထိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ ဆိုတာကိုပဲ သိတယ်”ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

“တစ်ချိန်တုန်းကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်တယ်တယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲခဲ့လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးပြီ။ အခုလည်း လွတ်လပ်ရေးဆိုတဲ့ စကားရပ်အတွက် ထပ်ပြီးတော့ ထိုးစစ်တွေရှိလာမှာကို စိုးရိမ်မိတယ်”ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေများကြောင့် ကချင်တိုင်းရင်းသားများအကြား ခါးသီးမှုများ ရှိနိုင်သော်လည်း လွတ်လပ်ရေးဆိုသည့် အယူအဆသည် အဖြေဖြစ်မလာနိုင်ကြောင်း ပြည်သူ့ခေတ်သတင်းဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင် ကိုဝက ပြောကြားသည်။

“နှစ်ပေါင်း ၅၀ကျော် စစ်တိုက်ခဲ့ရတယ်။ ၁၇ နှစ်လောက်လည်း ငြိမ်းချမ်းရေးယူခဲ့တယ်၊ တကယ့်လက်တွေ့မှာတော့ ထူးခြားချက်မရှိဘူး။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည်တွေ တိုးလာတယ်။ ဒီလိုအချိန်မျိုးမှာ နည်းနည်း အခြေအနေပေါ်မှာ အားမလို၊ အားမရဖြစ်တယ်။ အဲဒီလိုအနေအထားမျိုးမှာ ငါတို့ လုံးဝလွတ်လပ်ရေးယူတာကပဲ ကောင်းပါတယ်ဆိုတဲ့ အတွေးမျိုး ဖြစ်တာကတော့ ဖြစ်တတ်တဲ့ သဘာဝ၊ အဲလိုအနေအထားမျိုးမှာ ငါတို့ဒီနည်းပဲ ရှိတော့တယ်ဆိုတဲ့ အနေအထားမျိုးနဲ့ တွန်းပို့သလိုဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးက တစ်တိုင်းပြည်လုံးအကျိုးအတွက်ပဲ ကြည့်ကြည့်၊ ကချင်ပြည်နယ်ရဲ့ အကျိုးအတွက်ပဲ ကြည့်ကြည့် ဒါက အဖြေမဟုတ်ဘူး”ဟု ကိုဝက ဆိုသည်။

“သူတို့ ကချင်တွေအနေနဲ့ ခွဲထွက်မယ်လို့ပြောတာလို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးကလည်း မလွတ်လပ်သေးဘူးလေ။ အဲဒီလို မဖြစ်သေးတဲ့အတွက် ကချင်တွေအနေနဲ့ လွတ်လပ်ချင်တယ်လို့ ပြောတာဖြစ်မယ် ထင်တယ်။ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ၊ အခုအချိန်အထိ တိုင်းရင်းသားတွေက မလွတ်လပ်သေးတာ အမှန်ပဲ။ အဲဒီ့သဘောဆိုရင်တော့ လက်ခံရမှာပဲ။ သူတို့မှာ သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူခွင့်မရသေးသ၍တော့ လက်ခံတယ်။ ဒါပေမဲ့ ပြည်ထောင်စုထဲက ခွဲထွက်ရေးအတွက် တောင်းဆိုတာဆိုရင် လက်မခံဘူး”ဟု စာရေးဆရာ ထက်မြက်က ပြောကြားသည်။

“ဒီနေ့ ဒီအချိန်မှာ ဘာလို့ ဒီစကားပြောလာတာလဲလို့ဆိုရင် အခု ကျွန်တော်ထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ တော်တော်များများ ရွေ့ဆိုင်းခဲ့ရတာ၊ အခုနောက်ဆုံး ရန်ကုန်မှာ ဆွေးနွေးတော့လည်း အစိုးရတင်ပြတဲ့ အချက် ခြောက်ချက်လုံး သဘောမတူတာကနေစပြီး KIA နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ နောက်တစ်ချိန်ထဲမှာ တပ်မတော်ရဲ့ သဘောထားတွေကို တင်ပြတဲ့နေရာမှာ လေသံတွေက တင်းမာပြီး စကားလုံးတွေ ပြောင်းလာတာကို တွေ့ရတယ်။ ဆိုတော့ ဗိုလ်ချုပ်ဂွမ်မော်ကလည်း အမေရိကန်ခရီးစဉ်တစ်လျှောက်မှာ တကယ်လို့သာ ဒီလိုသာတိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးကို ထပ်ပြီး စဉ်းစားရမယ့် အခြေအနေတွေ ရှိတယ်ဆိုတဲ့ သဘောထားပြောတာရှိပါတယ်။ ဒါကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာ ကာယကံရှင်ဘက်က ဘယ်စကားလုံးကို ဘယ်လိုသဘောထားနဲ့ ပြောသလဲဆိုတာတော့ ပိုရှင်းတာပေါ့ဗျာ” ဟု စာရေးဆရာ သန်းစိုးနိုင်က ပြောကြားသည်။

လွတ်လပ်ရေးလိုချင်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်သည် ခွဲထွက်ရေးကို မဆိုလိုနိုင်သော်လည်း ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားမဟုတ်သော ရှမ်း၊ ဗမာနှင့်အခြားတိုင်းရင်းသားများအတွက်မူ လက်မခံနိုင်သော အခြေအနေရှိနေသည်။

“ကျွန်တော်တို့က ဗိုလ်ချုပ်ဂွမ်မော် ပြောတဲ့စကားကို လက်မခံပါဘူး။ ဒီလိုပြောလိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး။ ကျွန်တော်တို့ သဘောကတော့ ပြည်ထောင်စုက ဘယ်တော့မှ ခွဲမထွက်ဘူး။ ကချင်ပြည်နယ်မှာဆိုရင် ရှမ်းတွေရော၊ ကချင်တွေရော အကုန်ရောထွေးပြီး နေကြတာပဲ။ ကချင်တွေနဲ့ အိမ်ထောင်ကျသွားတဲ့ ရှမ်းတွေလည်း အများကြီးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ပြောစကားကြောင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာမှာကိုတော့ စိုးရိမ်တယ်”ဟု ကချင်ပြည်နယ် တာလောကြီးကျေးရွာမှ ရှမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်နေသူ ဦးစန်းဝေက ပြောကြားသည်။

“ကချင်ပြည်နယ် စတင်ဖွဲ့စည်းတည်းက ကျွန်တော်တို့ ရှမ်းမြေပြန့်ဒေသနှင့် ကချင်တောင်တန်းဒေသကို ပေါင်းစပ်ဖွဲ့စည်းလိုက်တာပါ။ ရှမ်းနယ်၊ ကချင်နယ် ပေါင်းစပ်ထားတဲ့ ကချင်ပြည်နယ်ကို ပြည်ထောင်စုကနေ ခွဲထွက်ပြီး သီးခြားသမ္မတနိုင်ငံ ထူထောင်ဖို့ဆိုတာ ရှမ်းတွေက အရင်ကတည်းက ဆန္ဒမရှိခဲ့ဘူး။ ပြည်နယ်တွင်းမှာရှိတဲ့ရှမ်းတွေအားလုံးကို မေးကြည့်ရင်လည်း ဒီအဖြေပဲထွက်မှာပါ။ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းဒေသတွေဟာ ကချင်တောင်တန်းဒေသနှင့် ပေါင်းစပ်ပြီး ကချင်ပြည်နယ်အဖြစ် သတ်မှတ်ခံရတာပါ။ ကေအိုင်အိုရဲ့ ဆန္ဒဟာလည်း အရင်ကတည်း ကျွန်တော်တို့ရှမ်းတွေကို ကိုယ်စားမပြုနိုင်ဘူး။ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရ ဘယ်လိုဘဲ ညှိနှိုင်း ညှိနှိုင်း ရှမ်းတွေကတော့ အေးအေးဆေးဆေးနေချင်တယ်။ အစိုးရက ဖိနှိပ်တာ၊ လက်နက်ကိုင်တွေက ဖိနှိပ်တာတွေ လုံးဝမကြိုက်ဘူး။ ဆက်ကြေးပေးရတာနဲ့ စစ်သားစုဆောင်းခံနေရတာလည်း မလွဲသာလို့ လုပ်နေကြရတာ ဘယ်သူမှလုပ်ချင်တာ မရှိဘူး။ ကျွန် တော်တို့ကတော့ ရှမ်းနှင့်ကချင်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ မကြိုက်တာတွေ မလုပ်ဖူးဆိုရင် အေးအေးဆေးဆေး ယှဉ်တွဲနေထိုင်လို့ ရပါတယ်။ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေလည်း ကချင်ပြည်နယ်ကို ချစ်တယ်ဆိုရင် ကချင်လူမျိုး တစ်မျိုးတည်းကို မကြည့်ဘဲ ကျန်တဲ့ ပြည်နယ်တွင်းနေ တိုင်းရင်းသားတွေရဲ့ဆန္ဒကိုလည်း လိုက်လျောဖို့လိုပါတယ်”ဟု ကချင်ပြည်နယ် ရှမ်းရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထင်လင်းက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား အရေအတွက်မှာ ပြည်နယ်လူဦးရေ၏ ၃၉ ဒသမ ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျန်ရှိသော အခြားတိုင်းရင်းသား အရေအတွက် မှာ ရာခိုင်နှုန်း ၆၀ ကျော်ရှိပါသည်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း မကောက်မီ ရရှိထားသော အချက်အလက်များအရ ကချင်ပြည်နယ်၌ လူဦးရေ ၁ ဒသမ ၆ သန်းကျော်ရှိသည့်အနက် ကချင်တိုင်းရင်းသား ၆ သိန်းကျော်၊ ကယားတိုင်းရင်းသား ၃၀၀ ကျော်၊ ကရင်တိုင်းရင်းသား ၃၃၀၀ ကျော်၊ ချင်းတိုင်းရင်းသား ၁၀၀၀၀ ကျော်၊ မွန်တိုင်းရင်းသား ၄၀၀ ကျော်၊ ဗမာတိုင်းရင်းသား ၄၇၃၀၀၀ ကျော်၊ ရခိုင်တိုင်းရင်းသား ၃၀၀၀ ကျော်နှင့် ရှမ်းတိုင်းရင်းသား ၃၈၀၀၀၀ ကျော် ရှိပါသည်။

“ဗိုလ်ချုပ်ဂွမ်မော်က လွတ်လပ်ရေးလိုချင်တယ်လို့ ပြောတာဟာ အစွန်းရောက်ခြင်းတစ်မျိုးပဲ။ အစွန်းရောက်လို့ ရှိရင် ဒီနိုင်ငံမှာ အာဏာရှင်စနစ် ဆက်ပြီးကြီးစိုးသွားလိမ့်မယ်။ ကချင်ပြည်နယ်ထဲမှာ ၆၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ ရှမ်းနဲအခြားတိုင်းရင်းသားတွေအတွက် ခံပြင်းစရာ ဖြစ်လာနိုင်တယ်။ ကျွန်တော့်ရဲ့ မိဘဘိုးဘွားတွေက ကချင်ပြည်နယ်မှာ နှစ်ပေါင်းရာချီနေခဲ့ကြတဲ့ ရှမ်း-ဗမာတွေပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက KIA ကိုရော၊ စစ်တပ်ကိုပါ ကြောက်ခဲ့ရတယ်။ တကယ်ကျတော့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကသာ ကိုယ်စားပြုမှုကို အမှန်အကန်ဆုံးဖြတ်နိုင်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်တစ်ခုလုံးမှာ KIA ရဲ့ ကိုယ်စားပြုမှုအစစ် မှတ်ကျောက်တင်ဖို့လိုပါတယ်။ လက်နက်အားကိုးနဲ့ အရာရာကို အဆုံးအဖြတ်မပေးဖို့က နှစ်ဖက်စလုံးမှာ အရေးကြီးပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင် က ပြောကြားခဲ့သည်။

“မကြာသေးခင်က ချင်းမိုင်မှာ ရှမ်းပြည်နယ်ညီညွတ်ရေးအတွက်ဆိုပြီး ဆွေးနွေးပွဲလုပ်တယ်။ တပ်တွေ ပူးပေါင်းဖို့၊ အဖွဲ့အစည်းတွေ ပူးပေါင်းဖို့လုပ်တယ်။ အဲတာတွေအပြင် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ အခြားတိုင်းရင်းသားတွေနဲ့ ညီညွှတ်ရေးကို ဘယ်လို လုပ်မလဲဆိုတာပါ ဆွေးနွေးကြတယ်။ ရှမ်းပြည်နယ်မှာ အခုသွားနေတဲ့ ညီညွတ်ရေးလမ်းကြောင်းကို အခြားပြည်နယ်တွေက နမူနာယူသင့်တယ်”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ၂၃ ဒသမ ၆၃ ရာခိုင်နှုန်းခန့်ရှိနေသော ရှမ်းတိုင်းရင်းသားများမှာ လက်ရှိအချိန်တွင် KIA အပေါ် မုန်းတီးမှုများရှိနေပြီး အစိုးရကဖွဲ့စည်းပေးခဲ့သော ပြည်သူ့စစ်အဖွဲ့များဖြင့် KIA အား ပြန်လည်ခုခံ တိုက်ခိုက်ခြင်းများ ရှိနေသည်။ ထို့အတူ အခြားတစ်ဖက်တွင်လည်း ကချင်တိုင်းရင်းသား မဟုတ်သော အခြားတိုင်းရင်းသားများထံမှ ဆက်ကြေး(အခွန်) ကောက်ခံခြင်းများ၊ ရှမ်းတိုင်းရင်းသား ကျေးရွာများမှ အဓမ္မလူသစ်စုဆောင်းခြင်းများကို KIA လုပ်ဆောင်ခြင်းများ ဆက်ရှိနေသည်ဟု ဒေသခံများအပါအ၀င် အစိုးရ၏ သတင်းထုတ်ပြန်ချက်များလည်း ရှိနေသည်။

“ကျွန်တော် နားလည်သလောက်တော့ ကချင်လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်က KIA မှာပါတဲ့ I ဆိုတာ Independence ကို ဆိုလိုခဲ့တယ်။ နောက်ပိုင်းခေတ်တွေ ရွေ့သွားတဲ့အခါ I ဆိုတာဟာ Freedom ဆိုလိုတာဖြစ်တယ်လို့ သူကိုယ်တိုင် မြစ်ကြီးနား ကချင်လူထုနဲ့တွေ့တဲ့အခါ ပြောခဲ့တာရှိပါတယ်။ အခုချိန်မှာ ကျွန်တော်ပြောနိုင်တာက ဒီလောက်ပါပဲ”ဟု မြန်မာ့ငြိမ်းချမ်းရေးဗဟိုစင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောကြားသည်။

အကယ်၍ KIO ဖွင့်ဆိုချက်မှ I ဆို သည့်စာသားသည် Freedom ကို ရည်ညွှန်းခြင်း မဟုတ်ဘဲ ယခင်အဓိပ္ပါယ်ဖြစ်သည့် Independence ကို ရည်ညွှန်းပြောဆိုသည်ဆိုပါက မည်သို့ဖြစ်လာနိုင်မည်ဆိုသည့် မေးခွန်းအပေါ် မှတ်ချက်မပေးလိုကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်နှင့် ပတ်သက်၍ ၎င်း၏ တစ်ဦးတည်းအမြင်ဖြင့် ပြောကြားချက် (သို့မဟုတ်) အဖွဲ့အစည်းကိုယ်စားပြု ပြောကြားချက် ဟုတ်၊ မဟုတ်နှင့် KIO ၏ သဘောထားကို ထပ်မံသိရှိနိုင်ရန် KIO ဗဟိုဌာနချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

ထို့အတူ ဗိုလ်ချုပ်ဂွမ်မော်ကို အမေရိကန်နိုင်ငံသို့ ဖိတ်ကြားခဲ့သော အမေရိကန်အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်၏ သဘောထားကို သိရှိနိုင်ရန် မေ ၈ ရက်နေ့က အီးမေးလ်ပို့ မေးမြန်းခဲ့သော်လည်း ထိုနေ့ ညနေပိုင်းအထိ ပြန်လည်အကြောင်းပြန်ခြင်း မရှိခဲ့ပေ။

အတိုက်အခံ အင်အားစုဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အနေဖြင့် ၎င်းတို့၏ သဘောထားသည် ပြည်ထောင်စုမူသာ ဖြစ်သည်ဟု ဆိုသည်။

“NLD ပါတီအနေနဲ့ကတော့ ပြည်ထောင်စုမူပဲ။ သူတို့ လွတ်လပ်ရေးလို့ သုံးတဲ့အပေါ်မှာ အန်ကယ်တို့ ခံစားလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေဖြစ်လို့ သူတို့အနိုင်ကျင့်ခံရတယ်။ အနှိမ်ခံရတယ်ဆိုတဲ့အပေါ်မှာ သူတို့လွတ်လပ်ရေး လိုချင်တယ်လို့ ပြောတာဖြစ်မယ်လို့ ယူဆပါတယ်။ တကယ်တော့ အန်ကယ်တို့က သူတို့နဲ့ စေ့စပ်ညှိနှိုင်းမယ်ဆိုရင်တော့ သူတို့လွတ်လပ်ရေးလို့ပြောတော့မှာ မဟုတ်ဘူးလို့ အဲဒီလိုယူဆတယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

“NLD ပါတီရဲ့ တိုင်းရင်းသားနဲ့ဆိုင်တဲ့ အဖွဲ့အနေနဲ့ တိုင်းရင်းသားတွေပြောတာကို လက်ခံပါတယ်။ လွတ်လပ်ရေးလို့ သုံးတဲ့ အပေါ်မှာတော့ သူ့သဘောက တစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ ကချင်မှ မဟုတ်ပါဘူး။ ကျွန်မတို့ တစ်နိုင်ငံလုံး လွတ်လပ်ရေးမှ မရှိတာ”ဟု NLD ပါတီ၏ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ကချင်တိုင်းရင်းသားများအနေဖြင့် လူမျိုးရေးစိတ်ဓာတ် ပြင်းထန်သည်မှာ မှန်ကန်သော်လည်း အဆိုပါလူမျိုးရေးပြင်းထန်စိတ်သည် ကချင်လူမျိုးတစ်ခုတည်းအတွက်သာ မဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ဆိုသည်။

“ကျွန်မတို့ ကချင်တွေထဲမှာလည်း အစွန်းရောက်တဲ့ သူတွေရှိတယ်။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်တဲ့သူတွေ ရှိတယ်။ ဒါ ပေမဲ့ ငါတို့ ကချင်အတွက်ပဲ ကြိုးစားမယ်ဆိုတဲ့ သူတွေကို ကျွန်မ ပြန်ပြောတာရှိပါတယ်။ ငါတို့ ကချင်အတွက်ပဲ စဉ်းစားမယ် ဆိုရင် ရေရှည်တည်တံ့ဖို့ ခက်မယ်။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အားလုံးအတွက် စဉ်းစားမှ အရှည်တည်တံ့နိုင်မယ်။ ကချင်တွေရဲ့ ပြင်းထန်တဲ့ လူမျိုးရေး စိတ်ဓာတ်ကို အားလုံးအတွက် ကြိုးစားကြပါလို့။ အခုချိန်မှာ လူထုအားလုံး၊ ကချင်တွေမှ မဟုတ်ဘူး။ အားလုံးမကျေမလည် ဖြစ်နေတာပဲ။ ပြောင်းလဲတဲ့အခြေအနေကိုလည်း မရောက်သေးဘူး။ ဘာမှမပြောင်းလဲသေးဘူး။ နောက်ပြီး လူမျိုးရေးမုန်းတီးစိတ်နဲ့ လုပ်ရင် ဒီမိုကရေစီနဲ့ အလှမ်းဝေးနေမှာပဲ”ဟု ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။




Eleven Media Group