KNU ဒုဥက္ကဋ္ဌနှင့် ရန်ကုန် ကရင်လူထု မေလ ၇ ရက်နေ့ တွေ့မည်

ပို့စ်တင်ချိန် - 5/05/2014 12:20:00 PM


ရန်ကုန်၊ မေ ၎

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နှင့် ရန်ကုန်မြို့နေ ကရင်လူထုများ တွေ့ဆုံပွဲကို မေလ ၇ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ ဒေါ်စူစန်နာလှလှစိုးက ပြောကြားသည်။

ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပန်းတနော်၊ ပုသိမ်စသည့် ဒေသများမှ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲများ၊ ကရင်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကောင်စီ (KUPC) အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ရန်ကုန်မှာ အခြားနိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဖို့ရှိတယ်။ အချိန်အတိအကျတော့ မသိရသေးပါဘူး” ဟု ဒေါ်စူစန်နာလှလှစိုးက ဆိုသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်လည်း မတ်လဆန်းပိုင်းတွင် ရန်ကုန်မြို့နေ ကရင်တိုင်းရင်းသား လူထုများနှင့် MCC ခန်းမ၌ပင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြခဲ့ကြောင်း KNU ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ထောက်ခံသူ အများအပြား နေထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသော KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာနှင့် လက်ရှိ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်တို့မှာ ပန်းတနော် ဇာတိဖြစ်ကြောင်း KNU ခေါင်းဆောင်များက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ယုံကြည်မှု ကောင်းစွာ တည်ဆောက်ထားနိုင်သော KNU အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည်လည်း ဧပြီလအတွင်း “ဝ” နှင့် မိုင်းလားကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတွင် မပါဝင်သည့် လက်နက်ကိုင် အဖွဲ့များကို သွားရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။

The Voice Weekly