MH370 ခရီးသည်များ၏ မိသားစု ဝင်များ နေအိမ်သို့ ပြန်ကြ ရန် လေကြောင်းလိုင်း ပန်ကြား

ပို့စ်တင်ချိန် - 5/03/2014 09:18:00 AM


ပျောက်ဆုံးနေသည့် MH370 လေယာဉ်ပေါ် လိုက်ပါ သွားသူများ၏ ဆွေမျိုး သားချင်း များအား နေအိမ်သို့ ပြန်ကြပါရန် မလေးရှား လေကြောင်းလိုင်းက ပန်ကြား လိုက်ပြီ ဖြစ်သည်။ တရုတ်နိုင်ငံသား အများစု လိုက်ပါသွားသည့် MH370 လေယာဉ်သည် လူပေါင်း(၂၃၉)ဦးနှင့် အတူ မတ်လ(၈)ရက်နေ့ ကတည်းက ထူးခြား ဆန်းကျယ်စွာ ပျောက်ဆုံး နေခြင်း ဖြစ်သည်။ လေယာဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာများ အတွင်း ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ သော်လည်း တိကျသည့် အဖြေတစ်ခု ရှာမတွေ့ခဲ့ချေ။ ယခုအခါ မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပျောက်ဆုံးခဲ့စဉ် ကတည်းက ခေါ်ယူထားခဲ့သည့် ဆွေမျိုး သားချင်းများအား ဟိုတယ်များမှ ထွက်ခွာကာ နေရပ်သို့ ပြန်ကြရန် အကြံပြု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

လေကြောင်းလိုင်း တာဝန်ရှိသူများက လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တိုးတက်သိရှိလာသမျှ အခြေအနေတိုင်းကို သက်ဆိုင်ရာ မိသားစုများထံ အကြောင်းကြား သွားမည်ဟုလည်း ကတိပြုခဲ့သည်။ ထိုအတောအတွင်း မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် လေယာဉ်ပျောက်ဆုံးပြီးနောက် ရှာဖွေရေး လုပ်ငန်းများ စတင်ရန် (၄)နာရီထိ နှောင့်နှေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အဆိုပါ သတင်းဖော်ပြချက်၌ လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှ ဝန်ထမ်းများသည် လေယာဉ် ပျောက်ကွယ်သွားသည်ကို (၁၇)မိနစ် ကြာမြင့်သည်အထိ မသိရှိခဲ့ဟုလည်း စွပ်စွဲရေးသားထားခဲ့သည်။

မလေးရှား လေကြောင်းလိုင်းက ပူဆွေးနေသူများအတွက် စာနာကြောင်းနှင့် မိမိတို့သည် ရှာဖွေရေး ကဏ္ဍကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း လေယာဉ်ပျက်ကို ရှာတွေ့နိုင်ရေး ဆိုသည်မှာ အလွန်အချိန်ကြာမြင့်နိုင်ကြောင်းလည်း သတိပေးထားသည်။ မလေးရှား လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက “ဟိုတယ်တွေမှာ နေမယ့်အစား ကိုယ့်အိမ်မှာကိုယ် သက်တောင့်သက်သာ နေထိုင်ရင်း သတင်းအချက်အလက် အသစ်တွေကို စောင့်မျှော်နေဖို့ တိုက်တွန်းပါတယ်”ဟု ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းလိုင်းက ဖွင့်လှစ်ထားသည့် မိသားစု ထောက်ပံ့ရေး စင်တာအားလုံးကို မေလ(၇)ရက်နေ့တွင် ပိတ်သိမ်းသွားမည်ဟုလည်း သိရှိရသည်။

Planet Myanmar Network.