PepsiCo ဈေးကွက်မြှင့်တင်ရန် စက်ရုံများ တိုးချဲ့မည်

ပို့စ်တင်ချိန် - 5/09/2014 10:04:00 PM


မြန်မာဈေးကွက်တွင် စတင်ထုတ်လုပ်ဖြန့်ချိနေပြီဖြစ်သည် PepsiCo သည် ဈေးကွက်ပြိုင်ဆိုင်မှု မြှင့်တင် နိုင်ရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စက်ရုံများကို တိုးချဲ့သွားမည်ဟု Lotte-MGS Beverage Co. ,Ltd (LMB) အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဦးသိန်းထွန်းက ပြောသည်။

“ဒီနှစ်ထဲမှာတော့ စက်ရုံထပ်ဆောက်ဖို့မရှိဘူး။ ဒါပေမဲ့ လက်ရှိစက်ရုံရဲ့ ထုတ်လုပ်မှုပမာဏကို မြှင့်တင် မှာပါ။ ဈေးကွက်ထဲမှာ Coca-Cola ကလည်း အရင်ရှိနေတယ်။ ပြည်တွင်းအချိုရည်တွေကလည်း ပိုပြီးတိုး တက်လာတယ်ဆိုတော့ ကျွန်တော်တို့ ပိုကြိုးစားရမှာပါ”ဟု ၄င်းက ပြောသည်။

မြန်မာဈေးကွက်တွင် Pepsi-Cola, 7-Up, Marinda တို့ကို ထုတ်လုပ်ရောင်းချရန်အတွက် တောင်ကိုရီးယား အခြေစိုက် Lotte Chilsung Beverage Co.,Ltd နှင့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Golden Beverage Co.,Ltd(MGS) တို့သည် ယခုနှစ် ဇန်န၀ါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိအချိန်တွင် Pepsi-Cola ပုလင်း၊ သံဘူးနှင့် ပလတ်စတစ်ဘူးကြီးများ ထုတ်လုပ်ရောင်းချနေပြီဖြစ် သည်။

LMB သည် 7-Up, Marinda ပုလင်း၊ သံဘူးနှင့် ပလတ်စတစ်ဘူးကြီးများကိုလည်း ထပ်မံထုတ်လုပ် ရောင်းချသွားမည်ဖြစ်ပြီး ဈေးကွက်ဝေစု ပိုမိုတိုးတက်ရရှိအောင်လည်း ဆောင်ရွက်သွားမည်ဟု ဦးသိန်း ထွန်းက ဆက်လက်ပြောကြားသည်။

Lotte-MGS Beverage Co.,Ltd (LMB) ကို Lotte Chilsung Beverage Co.,Ltd က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ ကျန်အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို မြန်မာ MGS ကုမ္ပဏီက ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွင်း PepsiCo ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၈၁ သန်း ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ၁၉၉၄ ခုနှစ်ကတည်းက မြန်မာဈေးကွက်မှ ပြန်လည်ဆုတ်ခွာခဲ့သည့် PepsiCo သည် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာ ခဲ့ခြင်း ဖြစ်သည်။

ပြန်လည်ဝင်ရောက်ချိန်တွင် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီကို ဖြန့်ချိရေး ကိုယ်စားလှယ် ပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ တင်သွင်းဖြန့်ချိခဲ့ကာ မြန်မာ-ထိုင်းနယ်စပ်မှဝင်ရောက်နေသည့် PepsiCo အချိုရည်များနှင့် ဈေးနှုန်းချင်း မယှဉ်ပြိုင်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တင် သွင်း ဖြန့်ချိမှုရပ်ဆိုင်းခဲ့သည်။

PepsiCo အချိုရည်များ ထုတ်လုပ်ဖြန့်ချိရန် ပူးပေါင်းထားသည့် MGS ကုမ္ပဏီသည် ၁၉၉၀ ကျော်နှစ်များ ကတည်းက PepsiCo အချိုရည်များကို အကျိုးတူ ထုတ်လုပ်ဖြန့်ချိခဲ့ဖူးသည်။

အခြားတစ်ဖက်လည်း Coca-Cola သည် မြန်မာဈေးကွက်တွင် ဦးဆောင်သူတစ်ဦးအဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။ Pinya Manufacturing Co Ltd နှင့် အကျိုးတူပူးပေါင်းထားသည့် Coca-Cola ကလည်း ကုန် ပစ္စည်းတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် စက်ရုံများကို ယမန်နှစ်ကတည်းက စတင်တိုးချဲ့ခဲ့ကြောင်း Pinya Manufacturing မှ Commercial Director ဦးအောင်ဝင်းက ပြောသည်။

Mizzima Burmese