တည်ဆဲဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲတွင် White Card ဖြင့် မဲပေးခွင့်ပြုမည်

ပို့စ်တင်ချိန် - 5/09/2014 03:01:00 PM


ကြားဖြတ်ရွေးကောက်ပွဲတွင် ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထား
သူများ  မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ
သတင်း ရရှိသည်။ လက်ရှိ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၆) အရ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူ တွေကို   ဆန္ဒမဲ ပေးပိုင်ခွင့်ပြုထားတဲ့    အတွက်   ဥပဒေ ပြဋ္ဌာန်းချက်    အတိုင်း ဆောင်ရွက် သွားမှာပါ ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက The Messenger  သတင်းစာ သို့ပြောသည်။

လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲဆိုင်ရာဥပဒေအရကြားဖြတ် ရွေးကောက်ပွဲတွင်White Cardကိုင်ဆောင်ထားသူများ မဲပေးခွင့် ရနိုင်ကြောင်း ၊ White Card  ဖြင့် မဲမပေးရေး  ပြုလုပ်လိုလျှင်  ဥပဒေကို   ပြင်ဆင်ရမည်   ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဥပဒေကို ပြင်ဆင်ရန် အတွက်လည်း လွှတ်တော်သို့ တင်ပြ ထားပြီး၊ လွှတ်တော်မှ အတည်မပြု ရသေးကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် White Card  ဖြင့် မဲ မပေးရေး အတွက် ယင်း ဥပဒေအား လွှတ်တော်မှ  ပြင်ဆင်ပေးနိုင်ရန်  ၂၀၁၅  ရွေးကောက်ပွဲ မတိုင်မီ ကြိုးစား သွားမည် ဖြစ်ကြောင်း  ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က The Messenger   သတင်းစာ သို့ ပြောသည်။

White Card  နဲ့ မဲပေးခွင့်ပြုမယ်ဆို ရင် တိုင်းရင်းသားပြည်သူတွေနစ်နာတယ်။ တိုင်းရင်းသားပြည်သူတွေနစ်နာမယ်ဆိုရင် နိုင်ငံနစ်နာတာပဲ။  ကြားဖြတ် ရွေးကောက်ပွဲမှာ အမှန်တကယ်သာ White Card      နဲ့ မဲပေး ခွင့်ပြုမယ်ဆိုရင် ဦးပ္တွင်းတို့ (မ.ဘ.သ) အနေနဲ့ အစည်းအဝေးထိုင်ဆုံးဖြတ်သွား မယ်  ဟု အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအသင်း(မ.ဘ.သ)မှ ဆရာတော် ဦးဝီရသူ က The Messenger    သတင်းစာ သို့ မိန့်ကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း (မ.ဘ.သ)အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်  ယာယီ  သက်သေခံလက်မှတ်   White Card      ကိုင်ဆောင် ထားသူများအား မဲပေးခွင့်ပြုပါက (မ. ဘ. သ) လှုပ်ရှားမှု တစ်ရပ် ပေါ်ပေါက်လာလိမ့်မည် ဟု ကြေညာချက် တစ်စောင်ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ   ဦးတင်အေးက ယခုနှစ် ပွင့်လင်းရာသီ တွင် လစ်လပ်နေသော မဲဆန္ဒနယ်(၃၀) အတွက်    ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း  လွှတ်တော်တွင် ပြောကြားထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား ဆန္ဒမဲ ပေးပိုင် ခွင့်ပြုခဲ့သည်။

Messenger News