လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း မထွက်ရရေး သမ္မတ ဦးသိန်းစိန်အစိုးရမှ လစာ ၂၅ ရာခိုင်နှုန်း ပြန်လည်ပေးလှူခြင်း ယတြာဖြစ်နိုင်ကြောင်း သုံးသပ်သူများရှိ

ပို့စ်တင်ချိန် - 6/06/2014 05:32:00 PM


ရန်ကုန်၊ ဇွန် ၎

နိုင်ငံတော်တွင် ဆင်းရဲမွဲတေမှုများ လျှော့ချရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ဝင်များမှ ၎င်းတို့၏ လစာငွေ ၂၅ ရာခိုင်နှုန်းကို တိုင်းပြည်ဘဏ္ဍာသို့ ပြန်လည် ပေးသွင်းခြင်းမှာ ပြည်တွင်းပြည်ပ မီဒီယာများနှင့် နိုင်ငံရေး စိတ်ဝင်စားသူများက လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း မရှိ သင့်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင်လည်း တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းမှာ ရွေးချယ်ခံ ကိုယ်စားလှယ်များ ဖြစ်သင့်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်လာပြီးနောက် ယတြာချေခြင်းတစ်မျိုး အစိုးရဘက်မှ လုပ်ဆောင်လာခြင်းဟူ၍ သုံးသပ်ချက်များ ထွက်ပေါ်လာသည်။

နိုင်ငံကျော် ဗေဒင်ပညာရှင် ဆရာစံ-ဇာဏီဘိုကမူ ““၂၅ ဆိုတာက ၄ ပုံပုံ ၁ပုံပေါ့။ နံပါတ် ၁ က တနင်္လာနဲ့ ကြာသပတေး တွဲတာကို ၂၅ လို့ ယူတယ်။ ၂၅ ဆိုတာ ခိုင်မြဲတဲ့ဓာတ် မြေကြီးဓာတ်၊ ပထ၀ီဓာတ် ခိုင်မြဲတဲ့ သဘော၊ ခိုင်မာတဲ့ သဘော လိုချင်တာ။ တနင်္လာနဲ့ ကြာသပတေး တွဲတာပေါ့လေ။ ခိုင်မြဲတဲ့ သဘာဝ၊ ခိုင်မာတဲ့ သဘာဝရှိတယ်။ နောက်ပြီးတော့သူက ၂ နဲ့ ၅ ပေါင်းရင်၊ တနင်္လာနဲ့ ကြာသပတေးနဲ့ ပေါင်းရင် ၇ ရတယ်။ နောက်တစ်ခါ တနင်္လာရဲ့ ဂြိုဟ်သက်က ၁၅ ရှိတယ်။ ကြာသပတေး ဂြိုဟ်သက်က ၁၉ ရှိတယ်။ ၂ ခုပေါင်းရင် ၃၄ ရတယ်။ ပေါင်းရင် ၇ ပြန်ရတယ်။ အတွင်းဂြိုဟ်သက်ရော အပြင်ရော ရရှိတယ်။ အဲဒီတော့ ၇ ရက်သား သမီးတွေ အပေါ်မှာ စိုးမိုးလွှမ်းမိုးခြင်းဆိုတဲ့ နိမိတ်ကိုလည်း ပြတယ်။ … နောက်ပြီးတော့ ၄ ပုံပုံ ၁ ပုံ ဆိုတာက ၁ စိတ်ပေါ့နော်။ ၁ စိတ် ၁ အိတ် ထည့်ခွင့် ရှိတယ်ဆိုတဲ့ သဘောကို ပြောတာပေါ့။ ဗေဒင်နည်းအရ ဟုတ်မယ်တော့ မထင်ပါ ဘူး။ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ။ သမ္မတကတော့ ဗေဒင်နည်းအရ ယတြာနည်းအရ လုပ်မယ်တော့ မထင်ပါဘူး။ ဒါကတော့ သူ့ဘာသာသူပဲ လုပ်တာပဲနေမှာ။ လုပ်လို့ဖြစ်တဲ့ အကြောင်းအရာ ပေါ်မှာ နိမိတ်ကောက်လို့တော့ ရကောင်းရမယ်။ ဒီဟာက ဗေဒင်အရ လုပ်တာတော့ မဟုတ်ဘူးပေါ့။ ဒါလုပ် တာတော့ ရှင်းတယ်။ ဆင်းရဲသူ ပပျောက်ရေးဆိုပြီး အလှူငွေတစ်ခု သူတို့ ထည့်တယ်။ ရာခိုင်နှုန်း ထည့်တယ်။ လှူတယ်ဆိုတာ ပိုလို့ လျှံလို့ ထည့်တာပေါ့။ ဒါပေမဲ့ သူတို့က ဘာလုပ်ချင်တာလဲ ကျွန်တော်လည်း နားမလည် ဘူးလေ။ ဆင်းရဲတာ ပပျောက်ဖို့အတွက် ပိုက်ဆံတွေ ၀ိုင်းထည့်ပါ ဆိုပြီးတော့ ဒီငွေကြေးကို ဘာသုံးမလဲ။ ဘာမှပြောနိုင်တာ မဟုတ်ဘူးလေ။ ဆင်းရဲမွဲတေရေး ပပျောက်အောင် ဆိုပြီးရတဲ့ ပိုက်ဆံဘယ်မှာ သွားသုံးမလဲ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

4
သမ၀ါယမ ချေးငွေများ စီစဉ်ပေးနေသော CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို နေပြည်တော် သမ၀ါယမ၀န်ကြီးရုံး၌ တွေ့ရစဉ်။ ဓာတ်ပုံ- ဆန်းဝင်းထွန်း

အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့က ယခုလစာတွင် ၂၅ ရာခိုင်နှုန်း ဖြစ်သော ၈ သိန်းကျပ်ကို ပေးသွင်းခဲ့ပြီး ဖြစ်ကြောင်းလည်း မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက် ကိုးကွယ် ယုံကြည်မှုများနှင့် ယတြာချေခြင်းများမှာ တိုင်းရေး ပြည်ရာ သာမက အာဏာနှင့် ဆက်စပ်သော အကျိုးစီးပွား လုပ်ပိုင်ခွင့်များ အတွက်လည်း ယတြာချေခြင်းများ ပြုလုပ်ခဲ့ကာ အနီးစပ်ဆုံး တပ်မတော်အစိုးရ လက်ထက်၌ အများပြည်သူ မြင်ကွင်းများတွင် ရှိသည့် ဘုရား စေတီ၊ ပုထိုး၊ ကျောင်းကန် များလည်း ၎င်းတို့၏ ယတြာလှူဒါန်းခြင်းများ ပါဝင်ခဲ့သည်။ ထို့အတွက်ကြောင့် တပ်မတော်အစိုးရ၌ ပါဝင်ခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးတို့နှင့် ပြည်ထောင်စုဝန်ကြီး များသည်လည်း ယတြာပြု လှူဒါန်းခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း ပြည်သူများက လက်ခံ ယုံကြည်လျက် ရှိကြသည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်တွင် မေလအတွင်း ပြုလုပ်ခဲ့သော ဘုရားပန္နက်တင် အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ရှိ ဌာနဆိုင်ရာ အကြီးအကဲများအပြင် နေပြည်တော် တိုင်းမှူးနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရံတော် အကြီးအကဲ ဗိုလ်ချုပ်စိုးရှိန်(ငြိမ်း)လည်း ပါဝင် တက်ရောက်ခဲ့ခြင်း မှာလည်း တပ်မတော်အစိုးရနှင့် ယခုအစိုးရသစ် ခေါင်းဆောင်ပိုင်း၌ ဘာသာရေးအရ ကိုးကွယ် ယုံကြည်မှု များပြားလျက်ရှိကြောင်း တွေ့ရှိနေရသည်။

လတ်တလောတွင် ပြည်သူအများ ဆင်းရဲမှု လျှော့ချရေး အတွက် အတိုးနှုန်း သက်သာသော ချေးငွေများကို ယခင်က ကြံ့ခိုင်ရေးပါတီ နည်းတူ သမ၀ါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့ ပူးပေါင်းစီစဉ် ထုတ်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ကိုယ်တိုင် တက်ရောက် အားပေးလျက်ရှိသည်။

MH-0011
မြန်မာသံတော်ဆင့်