အင်းစိန် တိ/မွေးကုဝင်း ဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များကိုယ်တိုင် ဖျက်သိမ်း

ပို့စ်တင်ချိန် - 6/15/2014 12:12:00 PM



အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် ဘူတာရုံလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် မြေပေါ်ရှိ အငှားဆိုင်ခန်း ၂၇ ခန်းကို ဆိုင်ပိုင်ရှင်များကိုယ်တိုင် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက စတင်ဖျက်သိမ်း ဖယ်ရှားပေးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောကြားသည်။

“သူတို့တော့ အဖျက်မခံဘူး။ ကိုယ့်ဟာကိုယ်ပဲ ရသလောက် ဖျက်ယူရတာပေါ့” ဟု ယင်းနေရာတွင် ၁၅ နှစ်ခန့် ဆိုင်ခန်းဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ကားဘော်ဒီပြင်ဆိုင်၊ သံပန်းသံတခါးဆိုင်၊ ကုန်စုံဆိုင် စသည်တို့ အပါအဝင် ဆိုင်ခန်းများကို ဇွန်လ ၁၃ ရက်နေ့ည နောက်ဆုံးထား ဖယ်ရှားပေးရန်၊ ဖယ်ရှားခြင်း မရပြုပါက အင်အားသုံး ဖယ်ရှားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိ/မွေးကု ဦးစီးဌာနက ထုတ်ပြန် ကြေညာထားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်းများကို ဖယ်ရှားရန် မေလ ၃၀ ရက်နေ့က နောက်ဆုံးအကြိမ် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက ဖယ်ရှားရန် စတင် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း တိ/မွေးကု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာမြင့်ဆွေက ဆိုသည်။

ဆိုင်ခန်း ငှားရမ်းသူများကို နောက်ဆုံး နေထိုင်သည့် လ ၂၀ ကို ငှားရမ်းမယူဘဲ အခမဲ့ နေထိုင်ခွင့် ပြုထားခဲ့ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြေနေရာတွင် နေထိုင်သည့် အိမ်ထောင်စု ၆၀ ကျော်မှာ ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲ ရှိသဖြင့် ၂၀၁၅ ခုနှစ်အထိ အချိန်စောင့်ပေးရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေး ဝန်ကြီးဌာနသို့ အသနားခံစာ တင်ပြခဲ့သော်လည်း ဝန်ကြီးဌာနက လက်မခံခဲ့ကြောင်း နေထိုင်သူများက ဆိုသည်။

“ရွှေ့ ပေးဖို့ ပြောနေတာတော့ ကြာပြီ။ ဒီလိုပဲ ပေပြီး နေလာတာ။ ဒီညတော့ မရွှေ့လို့ မရတော့ဘူး။ ဝင်းထဲမှာ ဝန်ထမ်းတွေ စုထားတယ်။ လုံထိန်းတွေရော ချထားတယ်။ တကယ်ဖျက်မယ် ထင်တယ်” ဟု သံပန်းသံတံခါး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အဆိုပါ ဆိုင်ခန်းများကို ၁၉၈၈ ခုနှစ်ကတည်းက စာချုပ်စာတန်းများဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ တရားဝင် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်ပြီး ငှားရမ်းစာချုပ်အရ နှစ်ဦးနှစ်ဖက် စာချုပ်ရပ်စဲရန် သဘောတူညီမှု မရှိခဲ့ပါက စာချုပ်ပျက်ပြယ်မှု မရှိကြောင်း၊ ယင်းအတွက်ကြောင့် ယခု ဖယ်ရှားခိုင်းခြင်းမှာ စာချုပ်ပါ သဘောတူညီချက်များနှင့် ညီညွတ်မှု မရှိကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

The Voice Weekly