နမ့်ဆန်မြို့ ဆိုင်ကယ်မီးလောင်ပေါက်ကွဲမှုမှာ အင်ဂျင်အပူရှိန်လွန်ကဲ၍ မီးလောင်ပေါက်ကွဲခြင်း မဖြစ်နိုင်ကြောင်း တာဝန်ရှိသူများသုံးသပ်

ပို့စ်တင်ချိန် - 6/09/2014 12:49:00 PM


နမ့်ဆန်၊ ဇွန်၊ ၉ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အတွင်း မေလ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သော ဆိုင်ကယ်မီးလောင် ပေါက်ကွဲမှုမှာ
စုံစမ်းရေးအဖွဲ့၏သုံးသပ်ချက်အရ အင်ဂျင်အပူရှိန် လွန်ကဲ၍ မီးလောင်ကျွမ်းခြင်းမျိုး မဖြစ်နိုင်ကြာင်း တာဝန်ရှိသူများထံမှ သိရသည်။

ဆိုင်ကယ်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှာ နမ့်ဆန်မြို့ပြည်သူ့ဆေးရုံနှင့် နတ်စင်ကုန်းကြား၊ နမ့်ဆန်-သီပေါ
ကားလမ်းပေါ်တွင်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအနီး အိုက်မောင်မှာ ခါးအောက်ပိုင်း
ပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ် နောက်တစ်စီးဖြင့် အဖော်အဖြစ် လိုက်ပါလာသူ တစ်ရွာထဲနေ
ချမ်းသာအောင်မှာ ပေါက်ကွဲမှုအရှိန်ကြောင့် ဆိုင်ကယ်ပေါ်မှ လွင့်စင်ကျကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

” နမ့်ဆန်မြို့ရဲ့ အပူရှိန်အနေအထား၊ သိမ်းဆည်းထားတဲ့သက်သေခံပစ္စည်းအစအနတွေကို လေ့လာချက် အရနဲ့ သေဆုံးသူရရှိခဲ့တဲ့
ဒဏ်ရာတွေကိုစစ်ဆေးကြည့်လိုက်တော့ ဆိုင်ကယ်အပူရှိန်လွန်ကဲပြီး မီးလောင်တယ် ဆိုတာထက်ပေါက်ကွဲစေတတ်တဲ့
အရာဝတ္ထုပစ္စည်းတစ်ခုခု ပေါက်ကွဲခဲ့လို့သာလျှင်ဖြစ်တယ်လို့  သုံးသပ် ထားပါတယ်၊ ဖြစ်စဉ်ဖြစ်ပွားရာမှာ တစ်ဖက်မှာက ခြောက်ကမ်းပါးရှိတယ်။
တစ်ဖက်မှာက တောင်နံရံ ရှိတယ်၊ ပေါက်ကွဲပြီးသားအစအနတွေက တောင်နံရံမှာ ထိမှန်ထားတဲ့ သက်သေတွေအရဆိုရင် ဆိုင်ကယ်အပူရှိန်
လွန်ကဲပြီး ပေါက်ကွဲစေတာ မဖြစ်နိုင်ဘူး။ဒီအတွက် ရရှိထားတဲ့ သက်သေခံပစ္စည်းအစအနတွေကို ရန်ကုန် စီအိုင်ဒီကိုပို့ပြီး စစ်ဆေးနေပါတယ်။
စစ်ဆေးချက်တွေအားလုံး စုံရင်တော့ အဖြေအတိအကျထွက်မှာပါ အခုတော့ဒီလောက်ပဲပြောနိုင်ပါသေးတယ် ” ဟု ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ဒုရဲမှူး
ဝင်းတင်က ပြောသည်။

ဆိုင်ကယ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွင်အဖော်အဖြစ်လိုက်ပါလာသူအား စစ်ဆေးရာတွင် သူငယ်ချင်းဖြစ်သူက အဖော်ခေါ်၍သာ
လိုက်လာခြင်းဖြစ်ကြောင်းနှင့် ပေါက်ကွဲမှု ကိစ္စကို ဘာကြောင့်မှန်း မသိကြောင်း ဖြေကြားထား သည် ဟု စုံစမ်းရေးအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

အဆိုပါ ဆိုင်ကယ်မီးလောင်ပေါက်ကွဲမှုအတွက် သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ ဦးဆောင်သည့်စုံစမ်းရေးအဖွဲ့မှ
စစ်ဆေးဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

စိုင်းကံသာ(လားရှိုး)
ဓာတ်ပုံ-ရင်ကွဲမိုး


The Myanma Age