ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတပ်များ ကျည်အချက် ၆၀၀ ခန့် အပြန်အလှန် ပစ်ခတ်ဟုဆို

ပို့စ်တင်ချိန် - 6/01/2014 12:41:00 PM




ရန်ကုန်၊ မေ ၃၁

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အရာရှိတစ်ဦး ပျောက်ဆုံးနေသည်ကို ရှာဖွေရာမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ မေလ ၃၀ ရက်နေ့က ကျည်အချက်ပေါင်း ၆၀၀ ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အကြီးအကဲ Maj Gen Aziz က ပြောကြားသည်။

ပျောက်ဆုံးနေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ အရာရှိတစ်ဦးဖြစ်သူ Mizanur Rahman ဆိုသူကို ဘင်္ဂလားဒေ့ရှ်ပိုင်နက် Naikkhang-chhari မြို့နယ် Painchhari အရပ်ဒေသတွင် ရှာဖွေရာမှ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲသည် နံနက် ၁၁ နာရီဝန်းကျင်မှ ညနေ လေးနာရီ ဝန်းကျင်အထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စုစုပေါင်း ကျည်အချက် ၆၀၀ ခန့် ပစ်ခတ်ခဲ့ကြကြောင်း ၎င်းကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star ၏ မေလ ၃၁ ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။

မြန်မာတပ်မတော်သားများ၏ ညွန်းဆိုချက်အရ အရာရှိအလောင်းကို ရရှိရန် နေရာအချို့ကို သွားရောက် ရှာဖွေရာတွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း BGB ၏ အကြီးအကဲ Maj Gen Aziz က The Daily Star ကို ပြောဆိုထားသည်။

ပျောက်ဆုံးနေသည့် အရာရှိကို မေလ ၃၁ ရက်နေ့ မွန်းလွဲ တစ်နာရီ ဝန်းကျင်အထိ ပြန်လည်ရရှိခြင်း မရှိသေးသည့်အပြင် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်နေပြီး ဘင်္ဂလားဒေ့ရှ်က နယ်စပ်တွင် တပ်အင်အား တိုးမြင့်ထားကာ လက်နက်ကြီးများလည်း တပ်ဆင်ထားကြောင်း၊ မြန်မာဘက်လည်း အလားတူ နယ်စပ်တွင် တပ်အင်အား တိုးမြှင့်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ် ဦးမျိုးမြင့်သန်းကို ၃၁ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်ခြားစောင့်တပ်များ အကြား မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ မေလ ၃၁ ရက်နေ့ ညနေ ငါးနာရီ ဝန်းကျင်အထိ မြန်မာအစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ရင်း (၂) ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကင်းစခန်းများ ရောက်ရှိနေသည်ဟု ၎င်း၏ လက်ကိုင်ဖုန်းကို ကိုင်သူက ပြန်လည်ဖြေကြားသည်။

မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်နှစ်ဦးသည် မိုင်တိုင်အမှတ် ၅၂ အနီးသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ကြောင်း မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ကျဆုံးသွားသူမှာ BGB အရာရှိ ဖြစ်နိုင်သည်ဟု ဆိုကာ စစ်ဆေးရန် အလောင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။

မိုင်တိုင်အမှတ် ၅၂ တွင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် လက်နက်ကိုင်နှစ်ဦးသည် နယ်စပ်ခြံစည်းရိုးကို တရားမဝင် ချဉ်းကပ်လာပြီး ၎င်းတို့၏ လက်မောင်းတွင် BGB တံဆိပ်လည်း မပါဝင်သည့်အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့ကို စတင်ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သီဟန်က ပြောဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်စေရန် နိုင်ငံခြားရေး မူဝါဒနှင့်အညီ သံတမန် နည်းလမ်းဖြင့် ဖြေရှင်းနေပြီး နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသည့် မူဝါဒများ ဖြစ်သည့် အချုပ်အခြာအာဏာ အထိခိုက်မခံ၊ ပြည်သူများ အကျိုးစီးပွား အထိခိုက်မခံ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အထိခိုက်မခံကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောဆိုထားသည်။

အခြားကိစ္စရပ်များကို နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး ကိစ္စရပ်များ ဖြစ်၍ ထုတ်ပြန်ရန် မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုထားသည်။

မောင်တောခရိုင်ရှိ အဆိုပါ မိုင်တိုင် အမှတ် (၅၂) တွင် မေလ ၁၇ ရက်နေ့က ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ (RSO) က ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၃ နေ့ကလည်း မိုင်တိုင်အမှတ် ၃၈၊ ၃၉ ကြားတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးကျဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောင်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


The Voice Weekly