စက်ရုံပေါ်မှ ပြုတ်ကျသည့် နိုင်ငံခြားသား နှစ်ပတ်အကြာတွင် သေဆုံး

ပို့စ်တင်ချိန် - 6/05/2014 01:24:00 PM



ဖြိုးဝေလင်း

လှိုင်သာယာမြို့နယ်ရှိ Shyang Jhuo Yue (SJY) ဖိနပ်စက်ရုံတွင် မေ ၂၀ ရက်က စက်ရုံအတွင်းရှိ လေစုပ်စက်များကို ၁၂ ပေခန့်မြင့်သည့် စင်ပေါ်သို့ တက်၍ စစ်ဆေးနေသည့် ဗီယက်နမ်နိုင်ငံသား တစ်ဦး ခြေချော်ကာ ပြုတ်ကျခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ပြီး နှစ်ပတ်အကြာတွင် သေဆုံးသွားခဲ့သည်ဟု သောင်ကြီးနယ်မြေရဲစခန်းက တာဝန်ကျရဲတပ်သား တစ်ဦးက ပြောသည်။

“သေတဲ့သူက ဗီယက်နမ်နိုင်ငံကနေ မေ ၆ရက်တည်းက အဲဒီစက်ရုံကို ရောက်နေတာ။ အဲဒီနေ့က ဗီယက် နမ်ကို ပြန်မယ့်နေ့။ ပြန်ခါနီး လေစုပ်စက်တွေကို စစ်ဆေးနေတုန်း ပြုတ်ကျတာ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ Mr. Hothuan Tai (၃၁)နှစ်သည် ဗီယက်နမ်နိုင်ငံ၊ လုံအမ်းပြည်နယ်မှ ဧည့်ဗီဇာဖြင့် ရောက်ရှိ နေသူဖြစ်ပြီး အမြင့်မှ ခြေချော်ပြုတ်ကျသဖြင့် ယာချိုစောင်းပွန်း၊ ယာတံတောင်ပွန်း ဒဏ်ရာများ ရရှိခဲ့ခြင်း ကြောင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက် ကုသနေရာ ဇွန် လ ၂ ရက်၊ နံနက်ပိုင်း တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ ဗီယက်နမ်နိုင်ငံသား၏ အလောင်းကို ရန်ကုန်ဆေးရုံကြီးက PR -126 ဖြင့် လက်ခံထားပြီး ရဲ အရာခံမင်းမင်းထွန်း၏ တရားလိုပြုလုပ်တိုင်တန်းမှုကို သောင်ကြီးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၇/၂၀၁၄) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

မေ ၃ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်ကလည်း ဆောက်လုပ်ဆဲတိုက်တွင် မီးသတ်ရေပိုက် တပ်ဆင်နေ စဉ် အမြင့်ပေ ၅၀မှ ခြေချော်ပြုတ်ကျသဖြင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ် စဉ်တစ်ခု ဗိုလ်တထောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

Mizzima Burmese