သံဃာငါးပါးကို ဖမ်းဆီးထားမှု အစိုးရအားရှင်းလင်းပေးရန် ထားဝယ်တိုင်းရင်းသားပါတီက တောင်းဆိုမည်

ပို့စ်တင်ချိန် - 6/20/2014 11:24:00 AM



ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ သန္တိသုခကျောင်းမှ ဆရာတော် ငါးပါးအား ဖမ်းဆီးထားမှုကို အစိုးရဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဖြေရှင်းပေးရန် ဇူလိုင်လ ၁ရက်နောက်ဆုံး၍
စာပို့ကာ တောင်းဆိုသွားမည်ဟု ထားဝယ်တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက မဇ္ဈိမကို ပြောသည်။

"အခုလုပ်ရပ်က သူပုန်းတွေ လုပ်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ လူကို အဲ့လိုလုပ်တာတောင် လွန်တယ် ဘုန်ကြီးတွေကို အဲ့လိုလုပ်တာလွန်တာပေါ့"ဟု ၎င်းကဆိုသည်။

ဖမ်းခံထားရသည့် ဆရာတော် ငါးပါးတွင် ဦးပညာစာရနှင့် ဦးသုန္ဒရသီရိတို့ နှစ်ပါးမှာ ထားဝယ်မြို့ရှိ သင်းချောင်းရွာနှင့် ညောင်ဇင်ကျေးရွာတို့က ဖြစ်ပြီး ထိုဆရာတော်များနှင့်
ယခုအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် ထားဝယ်တိုင်းရင်းသားပါတီမှ ပါတီအပါအဝင် ထားဝယ်ဒေသမှ ဒကာ၊ဒကာမများ အနေဖြင့် စိုးရိမ်ပူပန်နေသည်ဟု ဇွန်လ၁၈ရက်က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ထားဝယ်ရဟန်းတော်များ အပါအ၀င် ဖမ်းဆီးထားသော သံဃာတော်များကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန် တောင်းဆိုထားသည်။

သန္တိသုခကျောင်းမှ လန်ဒန်ဆရာတော် ဦးဥတ္တရအပါ အ၀င် သံဃာငါးပါးကို သာသနာတော် ညစ်နွမ်းစေသည့် ဥပဒေပုဒ်မ ပုဒ်မ ၂၀/၉၀ဖြင့် ဇွန်လ ၁၃ရက်က အတင်း လူဝတ်လဲကာ ဖမ်းဆီးသွားပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသံဃာငါးပါးကို ဇွန်လ ၂၀ရက်တွင် တာမွေတရားရုံးတွင် ရုံးထုတ်မည်ဟု သိရသည်။


Mizzima Burmese