စစ်တွေဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါသည်အများအပြား တက်ရောက်ကုသနေရ

ပို့စ်တင်ချိန် - 6/05/2014 10:54:00 AM


သွေးလွန်တုတ်ကွေးဖြစ်၍ စစ်တွေဆေးရုံသို့ ရောက်ရှိနေသော ကလေးငယ် တစ်ဦး (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော မေလဆန်းမှ စတင်၍ သွေးလွန်တုတ်ကွေး ရောဂါများ ဖြစ်ပွားခဲ့ရာ ယခုအခါ ယင်းရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသနေရသူ အများအပြားရှိကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း စစ်တွေဆေးရုံသို့ သွေးလွန်တုတ်ကွေး လူနာလေးငါးဆယ်နီးပါး တက်ရောက် ကုသ ခဲ့ ရပြီး၊ လူနာအများစုမှာ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကဖြစ်ကြောင်း စစ်တွေဆေးရုံရှိ သွေးလှူရှင် အသင်းမှ ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါမှာ ကုသမှုနောက်ကျလျှင် အသက်အန္တရာယ်ဆုံးရှုံးနိုင်၍ မိမိ၏ ကလေးငယ်အား စစ်တွေဆေးရုံသို့ တင်ဆောင်ကုသရခြင်းဖြစ်ကြောင်း လူနာရှင်ဦးကျော်ညွှန့်မှ နိရဉ္စရာသို့ ယခုလိုပြောသည်။

“မင်းပြားဆေးရုံရောက်တော့ ချက်ချင်းသွေးမစစ်ဘူး။ လေးငါးရက်ကြာမှ စစ်မယ်ပြောတယ်။ ကလေးကမှိန်းလာ တယ်။ ပြီးတာ့အန်တယ်။ ကလေးအသက်ဆုံးရှုံးမှာကြောက်တော့ မင်းပြားဆေးရုံက ခွင့်မပေးပေမယ့် စစ်တွေဆေးရုံအားကိုးတကြီး ပြေးလာရတာပါ”ဟု သူက ဆိုသည်။

ငွေကြေးမတတ်နိုင်သူ အများစုမှာ ကလေးများ အခြေအနေ စိုးရိမ်ရသော်လည်း စစ်တွေသို့ မယူဆောင်နိုင်ဘဲ မြို့နယ် ဆေးရုံ၌သာ ဆက်လက်ကုသနေကြရဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ရောဂါဖြစ်ရခြင်းမှာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ချက်အားနည်းခြင်း၊သွေးလွန်တုတ်ကွေး
ရောဂါဖြစ်ပွားမှုကာကွယ်ရေး လှုပ်ရှားမှုများနည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မူ ဗဟုသုတ နည်းပါးခြင်း တို့ကြောင်း ဖြစ်သည်ဟု ပေါက်တောမြို့မှ ကျန်းမာရေးဝန်ထမ်တစ်ဦးမှ ဆိုသည်။

ယခုအချိန်တွင် စစ်တွေဆေးရုံကြီးတွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေသူ အရေးပေါ်လူနာ (၁၀)ခန့် ဦးရှိနေပြီး အများစုမှာ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များဖြစ်ကြကြောင်း သိရှိရသည်။

နိရဉ္စရာမှ စစ်တွေဆေးရုံကြီးမှ သက်ဆိုင်ရာ ဆရာဝန် တစ်ဦးဦးနှင့် စကားပြောခွင့်ရရန်ကြိုးပမ်းသော်လည်း ဆရာဝန်မှာ Round လှည့်နေသည်ဟု ဆိုကာ စကားပြောခွင့်မရသဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးမှ သက်ဆိုင်ရာ ဆရာဝန်များ၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

ယင်းပြင် စစ်တွေ ပြည်သူ့ဆေးရုံကြီး လူနာဆောင်များတွင် လျှပ်စစ်မီတာခ ဈေးကြီး၍ လေအေးပေးစက် မရှိသည့် အပြင် လေပင်ကာများလည်း တစ်လုံးတစ်လေမှ တပ်ဆင်၍ မရှိသဖြင့် အလွန်ပူအိုက်ပြီး ခြင်များကိုက်ကာ လူနာများမှာ မအိပ်နိုင်၊ မစားနိုင် အထူး ဒုက္ခရောက်နေကြရကြောင်း အရိုးဆောင်မှ လူနာ တစ်ဦးက ပြောသည်။

Narinjara
(နိရဉ္စရာ- ၄ ဇွန်လ ၂၀၁၄)/တင့်ဆွေမောင်