မဟာသန္တိသုခကျောင်းတိုက်မှ အင်အားသုံးဖယ်ရှားခံရပြီး အင်းစိန်ထောင်၌ လူဝတ်လဲ ထိန်းသိမ်းထားသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား ယနေ့ တာမွေတရားရုံးတွင် ရုံးထုတ်မည်

ပို့စ်တင်ချိန် - 6/20/2014 09:17:00 AM


မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပီနန်ဆရာတော်ဘုရားကြီးဘက်မှ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်စဉ်
ဇွန် ၁ဝ ရက် ည ၁ဝ နာရီခန့်တွင် မဟာသန္တိသုခကျောင်းတိုက်မှ အင်အားသုံးဖယ်ရှားခံရကာ ယခုလက်ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော် ငါးပါးအား ယနေ့(ဇွန်လ ၂ဝ)ရက်၌ တာမွေတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
ထိန်းသိမ်းခံ သံဃာတော် ငါးပါးဖြစ်သည့် ဦးဥတ္တရ(လန်ဒန်ဆရာတော်)၊ ဦးသုန္ဒရသီရိ၊ ဦးပညာစာရ(လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒ(နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကယားဆောင်အဆောင်မှူး)တို့အား မဟာသန္တိသုခကျောင်းတိုက်တွင် ဝိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် သတိပေးစာများ ရောက်ရှိသော်လည်း မဖယ်ရှားသောကြောင့် ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ စစ်ဆေးအရေးယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်က ပြောကြားခဲ့သည်။ သို့သော် ကျူးကျော်သည်ဟု စွပ်စွဲထားသည့် ထိန်းသိမ်းခံ သံဃာတော်ငါးပါးမှာမူ အာဂန္တုအနေဖြင့်သာ သီတင်းသုံးကြခြင်းဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားထားသည်။
ဇွန် ၁ဝ ရက် ညတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ သံဃာတော်အပါး၂၈၁ ပါးအပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအပါအဝင် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အင်အားသုံးကာ မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ၂၁ ပါးအား ခေါ်ဆောင်သွားခဲ့သည်။ ယင်းတို့အနက်မှ ၁၆ ပါးကို  ဇွန် ၁၂ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ပီနန်ဆရာတော်၏ တပည့်ရင်းဆရာတော် ငါးပါးကိုမူ  ထိန်းသိမ်းထားရာမှ ဇွန် ၁၃  ရက်တွင် လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
“အင်းစိန်ထောင်မှာ ထိန်းသိမ်းခံဆရာတော် ငါးပါးကို လူဝတ်ပဲ လဲထားတာပါ။ သိက္ဓာချထားတာတော့ မရှိပါဘူး။ကျွန်တော်တို့အနေနဲ့လည်း ဆရာတော်တွေကို ရုံးထုတ်မယ့်နေ့မှာ အာမခံချက်ရရှိပြီးတော့ ပြန်လွတ်စေချင်ပါတယ်” ဟု သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မဟာသန္တိသုခကျောင်းတိုက်အား ချိပ်ပိတ်ထားပြီး ပီနန်ဆရာတော် ဦးပညာဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့အကြား ကျောင်းတိုက် ပိုင်ဆိုင်မှုနှင့်ပတ်သက်ကာ အငြင်းပွားလျက်ရှိသော်လည်း မဟန(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)မှ ကျောင်းတိုက်ကို ယင်းတို့ပိုင်အဖြစ် ထိန်းသိမ်းထားကာ ဇူလိုင်လဆန်းတွင် ပြုလုပ်မည့် ၄၇ ပါးစုံညီ အစည်းအဝေးတွင် ကျောင်းတိုက်အား မည်သို့ဆက်လက် ဆောင်ရွက်မည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော် ငါးပါးအား အမြန်ဆုံးလွတ်မြောက်စေရန် သံဃာတော်များ၊ ပီနန်ဆရာတော်၏ တပည့်ဒါယိကာမများနှင့် ဗြိတိသျှသံရုံးတို့မှ လုပ်ဆောင်လျက်ရှိကာ  လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ရုံးထုတ်မည့်နေ့တွင် တာမွေတရားရုံးသို့ သံဃာတော်များအနေဖြင့် လာရောက်ကြရန် နှိုးဆော်ထားမှုများကိုလည်း တွေ့ရသည်။
ဗြိတိသျှသံရုံးအနေဖြင့်လည်း ဗြိတိန်နိုင်ငံသား ခံယူထားသူ ဆရာတော်ဦးဥတ္တရအား အမြန်ဆုံးလွှတ်ပေးရန် ဗြိတိသျှသံအရာရှိက ရုံးထုတ်မည့်နေ့တွင် သက်သေထွက်ဆိုသွားမည်ဖြစ်ပြီး ပီနန်ဆရာတော်၏ ဒါယကာ တပည့်ရှေ့နေ ငါးဦးကလည်း ဆရာတော်များကို အာမခံရရန်အတွက် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပီနန်ဆရာတော် ဦးပညာဝံသမှာ  ဂျပန်နိုင်ငံတွင် သီတင်းသုံးလျက်ရှိပြီး ယင်းပြဿနာများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာမည်ဖြစ်ကြောင်း မိန့်ကြားထားသည်။
အင်းစိန်ထောင်တွင် လူဝတ်လဲစေကာ ထိန်းသိမ်းခံထားရသည့် ဆရာတော်များမှာ  ဦးဥတ္တရ (လန်ဒန်) (သက်တော် ၅၆ နှစ်၊ ဝါတော် ၃၆ ဝါ)၊ ဓမ္မာစရိယ M.A ဘွဲ၊့ သာသနာ့ရံသီ (လန်ဒန်) ကျောင်းတိုက်၊ ဦးပညာစာရ (သက်တော် ၄၉ နှစ်၊ ဝါတော် ၂၉ ဝါ)၊ M.A ၊ ထားဝယ်ကျောင်းသစ်၊ ဦးသုန္ဒရသိရီ (သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ)၊ မဟာဓမ္မာစရိယ M.A၊ သင်းကျွန်းတိုက်ကျောင်း၊ ဦးနန္ဒိယ (သက်တော် ၂၉ နှစ်၊ ဝါတော် ၉ ဝါ)၊ ဓမ္မာစရိယ၊ ဇေယျမင်္ဂလာကျောင်း (လှိုင်)၊ ဦးတေဇိန္ဒ (သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါ)၊ မဟာဓမ္မာစရိယ၊ နပသ (ရန်ကုန်) ကျောင်းတို့ဖြစ်ကာ ဆရာတော်များမှာ ငယ်ဖြူများဖြစ်ကြောင်း သိရသည်။

Eleven Media