ယာဉ်တိုက်မှု ဖြစ်ပါက ယာဉ်လိုက်ခွင့် အမြင့်ဆုံး (၆) လပိတ်ရန် စီစဉ်

ပို့စ်တင်ချိန် - 6/06/2014 12:15:00 PM


 ယာဉ်တိုက်မှု ဖြစ်သည့် ခရီးသည်တင်ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်များ
အား ယခင် ကျင့်သုံးခဲ့သော ယာဉ်လိုက်ခွင့်တစ်လပိတ် ပြစ်ဒဏ် အစား အမြင့်ဆုံး
 ခြောက်လပိတ် ပြစ်ဒဏ်တိုးမြှင့် အရေးယူရန်စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မ.ထ.သ (ဗဟို) မှ  သိရသည်။

 ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ လိုင်စင် ကိစ္စပဲ ဖြစ်ဖြစ်၊ ယာဉ်တိုက်မှုပဲ ဖြစ်ဖြစ်၊ ပြင်းထန်စွာ အရေးယူ တော့မယ်။ အရင် က ယာဉ်လိုက်ခွင့် တစ်လပိတ် တာမျိုး လုပ်တယ်။ အခု သုံးလ၊ ခြောက်လ ပိတ်တာမျိုးလုပ်မှာပါ ဟု မ.ထ.သ(ဗဟို) ဥက္ကဋ္ဌ  ဦးလှအောင်က ပြောသည်။ ယာဉ် စည်းကမ်း ချိုးဖောက်မှုများ၊ စည်းကမ်းမဲ့ ယာဉ်များ၊ ယာဉ် မတော်တဆမှု ဖြစ်စဉ် များတွင် အပြစ်ပေး အရေးယူရာ၌ ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူရန် အစိုးရ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပို့ဆောင် ဆက်သွယ်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေ ပြုရေး အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

                          ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲနိုင်ရန်လည်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တစ်ဆင့် တိုင်းဒေသကြီး လွှတ်တော်တွင် ပေးပို့ အတည်ပြု ပြဋ္ဌာန်း နိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း မ.ထ.သ (ဗဟို) မှ သိရသည်။ ထို့အပြင် ယာဉ်စည်းကမ်းဖောက်ဖျက် သူများအား ပြစ်ဒဏ် ချ မှတ်ရာတွင် ဒဏ်ငွေ (၁၅၀၀) ကျပ်သာ ချမှတ်ထားခြင်းကြောင့် ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းနေခြင်း ကို ထိန်းချုပ်ရန် ငွေဒဏ်အပြင် ယာဉ်မောင်း လိုင်စင် အကန့်အသတ်ဖြင့် ပိတ်သိမ်းမည့် ပြစ်ဒဏ်ကိုလည်း ထည့်သွင်းသွားရန် သက် ဆိုင်ရာဝန်ကြီးဌာနမျာသို့ တင်ပြထားပြီးဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ သိရသည်။

                          ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၂၀၁၃ ခုနှစ်တွင် ခရီးသည် တင်ယာဉ် မတော်တဆမှု (၂၆၂) မှုဖြစ်ပွားခဲ့ပြီး၊ ယာဉ်မတော်ဆမှု  ကြောင့် သေဆုံးခဲ့ ရသူ (၉၁) ဦးနှင့် ဒဏ်ရာရ ရှိသူ (၈၃၀) ဦး ရှိခဲ့သည်။ ယခုနှစ်မေလ၌ ယာဉ်မတော်ဆမှု (၁၉)မှုရှိခဲ့ပြီး၊ သေဆုံးသူ (၁၀)ဦး၊ ဒဏ်ရာ ရရှိသူ (၁၇)ဦးရှိခဲ့သည်။ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့ သည့် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များ အား မ.ထ.သ(ဗဟို)မှ စီစဉ်အရေး ယူခဲ့ပြီး၊ တချို့အား ငွေဒဏ်၊ တချို့အား ယာဉ်နောက်လိုက်ပါခွင့် ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

The Messenger News daily