ဘာသာကူးပြောင်းခြင်း ဥပဒေမူကြမ်းပါပြစ်ဒဏ် တိုးမြှင့်ရန် မဘသ တောင်းဆို

ပို့စ်တင်ချိန် - 6/10/2014 05:07:00 PM


ယုဝေ| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင်ပါရှိသည့် ပြစ်ဒဏ်တစ်နှစ် သတ်မှတ်ချက်သည် နည်းလွန်းသည်ဆိုကာ ငါးနှစ်အထိ တိုးမြှင့်ရန်အကြံပြုစာကို (အမျိုးဘာသာသာသနာ) ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်သို့ ဇွန်လ ၉ ရက်တွင် တောင်းဆိုလိုက်သည်ဟု အမျိုးသာဘာ၊ သာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို အလုပ်အမှုဆောင် ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။

“လိုအပ်ချက်တွေကို ကော်မရှင်ကိုပေးပို့ဖို့ စီစဉ်ခဲ့တာပါ။ ထောင်ဒဏ်သတ် မှတ်ထားတဲ့ကာလက နည်းနေပါတယ်။ အမှုတစ်ခုဖြစ်လာရင် တရားရင်ဆိုင်တဲ့ရက်ကိုတွက်ပြီး လျှော့ရက်နဲ့တင်ပြီးသွားနိုင်ပါတယ်” ဟု ပြောသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေမူကြမ်းတွင်ပါရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်တွင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ပြစ်ဒဏ် ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်ရမည်ဟူသောအချက်အစား ငါး နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်ငါးသိန်းထက်မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် ဟု ပြင်ဆင်သတ်မှတ် သင့်ကြောင်း အကြံပြုထားခြင်းဖြစ်သည်။

မဘသအဖွဲ့ ဥပဒေအကြံပေးနှင့် ဗဟိုအလုပ်အမှုဆောင် ရှေ့နေဦးအေးပိုင်က ဥပဒေမူကြမ်းပါ ပြစ်ဒဏ် သတ်မှတ်ချက်နည်းနေပြီး ထိုပြစ်မှုမျိုးကို ရဲအရေးပိုင်မှုအဖြစ် သတ်မှတ်ပေးရန်နှင့် အားပေးကူညီသူများကို လည်း ပြစ်ဒဏ်ပေးရန်လည်းတောင်းဆိုထားသည်။

မဘသ၏တောင်းဆိုမှု ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရန် ကြိုးပမ်းနေမှုများ သည် လူ့အခွင့်ရေးရှုထောင့်မှကြည့်ပါက မလိုအပ်သည့် ဥပဒေတစ်ခုဟု လူ့အခွင့်အရေး လေ့လာသူများ က ထောက်ပြမှုများရှိသည်။အလားတူပင် မလိုလားအပ်သည့်အခြားအခြေအနေများလည်းပေါ်ပေါက် လာ နိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Equality Myanmar ရိုက်တာဦးအောင်မျိုးမင်း က ဆိုသည်။

“ဘာသာကူးပြောင်းတာတကယ် ဟုတ်၊ မဟုတ်စောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုပြီး တခြားနိုင်ငံတွေလို ဘာ သာရေး ရဲတွေပေါ်လာမှာစိုးရိမ်တယ်” ဟု ပြောသည်။

မဘသအဖွဲ့မှ အထက်ပါ ပြစ်ဒဏ်အပြင် ဥပဒေမူကြမ်းပါ အခန်း(၂)ပါ ကိုးကွယ်ရာ ဘာသာကူးပြောင်း လို သူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည် ဆိုသောအချက်အစား အသက်(၂၀)ပြည့်ပြီးသူ(သို့မဟုတ်) မိဘသဘောတူညီချက်ပါဝင်ရမည်ဟု အကြံပြုထားသည်။သာသာရေးကူးပြောင်းမှုဆိုင်ရာများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ရန်၊ ဘာသာကူးပြောင်းနိုင်သည့်နေရာ သတ် မှတ်ပေးရန်၊ ဥပဒေဆိုင်ရာ အသုံးအနှုန်းများ ပြုပြင်ပေးရန်ကိုလည်း တောင်းဆိုထားသည်ဟု ရှေ့နေ ဦးအေးပိုင်ကဆိုသည်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ(မူကြမ်း)ကို အများပြည်သူ အကြံပြုနိုင်ရန်ဟုဆိုကာ မေ ၂၇ ရက် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြခဲ့ပြီး ထိုအကြံပြုချက်များကိုလည်း ဥပဒေကြမ်း ရေးဆွဲရေးကော် မရှင်သို့ ပေးပို့နိုင်သည် ဟုဆိုထားသည်။

မဘသ အဖွဲ့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း မျိုးစောင့်ဥပဒေအပေါ် လေ့လာသုံး သပ်သင့်ကြောင့် တိုက်တွန်းပြောကြားခဲ့ဖူးသည်။

သမ္မတ ဦးသိန်းစိန်သည် မတ်လ ၇ ရက်က မျိုးစောင့်ဥပဒေရေးဆွဲပြီး လွှတ်တော်ကိုတင်ပြနိုင်ရန် မျိုးစောင့် ဥပဒေ ရေးဆွဲရေးကော်မရှင်ကို အဖွဲ့ဝင် ၁၂ ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Mizzima Burmese