အကျဉ်းကျ ခံနေရတဲ့ စစ်ဘက် ထောက်လှမ်းရေး အကြီးအကဲတွေ လွတ်တော့မှာလား

ပို့စ်တင်ချိန် - 6/06/2014 12:21:00 PM


   နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ထောက်လှမ်းရေး အဖွဲ့ဝင်များအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထောက်လှမ်းရေးအကြီးအကဲ ဟောင်း ဗိုလ်ချုပ်ခင်ညွန့်က
 လွန်ခဲ့သောနှစ် က စာပို့၍ တောင်းဆိုထားသည်။



            နိုင်ငံတော် သမ္မတ ဦးသိန်း စိန် လက်ထက်တွင် လွတ်ငြိမ်း ချမ်းသာခွင့် အကြိမ်ကြိမ် ပေးခဲ့သော် လည်း ၂၀၀၄ ခုနှစ်က ဖျက်သိမ်း ခဲ့သည့် စစ်ဘက် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်မှ လွဲ၍ ကျန်သည့် အကြီးအကဲ များ အကျဉ်းကျ ခံနေရဆဲဖြစ်သည်။

            မေလ (၃၀) ရက်နေ့က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် နှစ်ပေါင်း တစ်ရာကျော် ကြာ  ပြစ်ဒဏ် ချမှတ် ခံထားရသော တပ်မတော်သားများနှင့် ၀န်ထမ်းများ အတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက် ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ဆက်လက် ထုတ်ပေးရန် သမ္မတအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့သည်။

            ၂၀၁၁ ခုနှစ်၊ သြဂုတ်လ အတွင်း ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လည်း ထိုကဲ့သို့ သော အဆိုတစ်ရပ်ကို လွှတ်တော်  အတွင်း တင်သွင်းခဲ့သည်။

            ““ဒီဟာကို ဘာဖြစ်လို့ တင်ရသလဲ ဆိုရင် နိုင်ငံတော်ရဲ့တာဝန်တွေကို နှစ်ပေါင်းများစွာ ကျေကျေ ပွန်ပွန် ထမ်းဆောင်ခဲ့ပြီးမှ ကံမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ရဲ့ တရားစီရင်ရေး စနစ် မေးခွန်း အထုတ်ခံရတဲ့ ကာလမှာ ပြစ်ဒဏ် တွေနှစ်ရာနဲ့ ချီပြီးကျခဲ့တဲ့၊ ရာစုနှစ် နီးပါးကျခဲ့တဲ့ ပုဂ်္ဂိုလ်တွေနဲ့ပတ်သက် ပါတယ်။ဒီလိုတင်တဲ့အခါမှာ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၆ မှာ ပါတဲ့ တရားမျှတခြင်းဆိုတဲ့ အချက်ကို သူတို့ကိုလည်း ခံစားစေချင်လို့ ပါ””ဟု ဦးသိန်းညွန့်က ဆိုသည်။

            ယခုကဲ့သို့ အဆို တင်သွင်းရ ခြင်းမှာ လူသားခြင်း စာနာထောက် ထားခြင်းဖြင့် ပြန်လည် လွတ်ပေးရန် ရည်ရွယ်၍ တင်သွင်း ကြောင်း ဦးသိန်းညွန့် က ပြောကြားခဲ့ပြီး၊ ရသေ့တောင်မြို့နယ်မှ  ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ခံ ပေးခဲ့သော ကြောင့် လွှတ်တော်တွင် သဘောတူ၍ မှတ်တမ်း တင်နိုင်ခဲ့သည်။

            ““အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်၏ သဘော သဘာဝက များစွာ ကျယ်ပြန့် နက်ရှိုင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ လည်းကောင်း နိုင်ငံရေး တည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူမှု တရားမျှတ မှုရှိရေးတို့နှင့် လည်း ဆက်နွယ် ပတ်သက် နေပါတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မထုတ် ပြန်မီမှာ အဘက်ဘက်က ၀ိုင်းဝန်း စဉ်းစားပြီး အမှန်တကယ် ထိရောက် အကျိုးရှိဖို့ တရားမျှတပြီး ပြည်သူ တစ်ရပ်လုံးက လိုလား ထောက်ခံမှု ရှိတဲ့ အမိန့်တစ်ရပ် ဖြစ်စေရန် ကြိုတင်ပြုစုရမယ့် အနေအထား ရှိပါတယ်။ နိုင်ငံတော်သမ္မတက အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်ရေးကို ပြည်သူတို့ရဲ့ လိုအင်ဆန္ဒနဲ့ အညီ ၀ိုင်းဝန်း လေ့လာသုံးသပ် စဉ်းစားပြီး၊ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) အရ သင့်လျော်တဲ့ အချိန်အခါမှာ သင့်လျော်တဲ့ လုပ်ဆောင်မှုများ ဆောင်ရွက် သွားနိုင်မှာပါ””ဟု ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

            အရပ်သား အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက်နေ့ အထိ ပြစ်ဒဏ် လျော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် (၅)ကြိမ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်ဆိုင်းငံ့ လွတ်ငြိမ်း ချမ်းသာခွင့် (၄၃) ကြိမ် ထုတ်ပေး ခဲ့သောကြောင့် နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အကျဉ်းသား စုစုပေါင်း (၆၈၈၁၆) ဦးလွှတ် ပေးနိုင် ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။

The Messenger News Daily