ကမ္ဘာ့ အဆန်းကျယ် အလှပဆုံး သဘာဝရေကန်များ

ပို့စ်တင်ချိန် - 6/26/2014 04:34:00 AM




ကမ္ဘာပေါ်တွင် တည်နေပုံအရ၊ ပတ်ဝန်းကျင် အနေအထားအရ၊ အရောင်အဆင်းအရ လူတို့၏ စိတ်အာရုံကို ထူးထူးခြားခြား ဆွဲဆောင်နိုင်လောက်သည့် သဘာဝရေကန်ကြီးများ ရှိနေသည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် သဘာဝတရားအတိုင်း ဆန်းကျယ်လှပသည့် ရေကန်ကြီးများ ရှိနေတတ်သော်လည်း ယင်းတို့အနက်မှ အဆန်းကြယ်ဆုံးနှင့် အလှပဆုံးဟု ယူဆရမည့် (၁၀)ခုကို ရွေးချယ်ကောက်နုတ် ဖော်ပြအပ်ပါသည်။

၁၀။ ပင်လယ်သေ (ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်း)



ပင်လယ်သေဟု ခေါ်သော်လည်း အမှန်တကယ်အားဖြင့် ဆားဓာတ်လွန်ကဲလွန်းသည့် ရေငန်အိုင်ကြီးတစ်ခုမျှသာ ဖြစ်သည်။

ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်းတို့ ဝန်းရံနေသော ကန်ကြီးတွင် ဆားနှင့် ဓာတ်ဆားအမျိုးမျိုး ပြင်းအားမြင့်မားစွာ ပျော်ဝင်နေသောကြောင့် ရေနေသက်ရှိများ ရှင်သန်နေထိုင်နိုင်ခြင်း မရှိသော ထူးထူးခြားခြား ကန်ကြီးလည်း ဖြစ်သည်။

ထို့အပြင် ရေ၏ဖွဲ့စည်းပုံတွင် ဆားဓာတ်ပါဝင်မှု များပြားလွန်းခြင်းကြောင့် ရေဆင်းကူးသူတိုင်း ပေါလောပေါ်နေတတ်ခြင်းမှာလည်း ပင်လယ်သေ၏ ထူးခြားမှု တစ်ခုဖြစ်သည်။ ထို့အပြင် ပင်လယ်ရေမျက်နှာပြင်အောက် ၄၂၃ မီတာထိ နိမ့်ကျတည်ရှိနေခြင်းကလည်း ပင်လယ်သေကို ကမ္ဘာ့အနိမ့်ဆုံး ရေကန်တစ်ခုအဖြစ် မှတ်တမ်းဝင်လာစေသည်။

ပင်လယ်သေသည် ခရစ်ယာန်သမ္မာကျမ်းစာလာ ဖြစ်ရပ်များနှင့် ဆက်နွှယ်မှုရှိသည့် သမိုင်းဝင် နေရာတစ်ခု အဖြစ်လည်း ထင်ရှားသည်။

၉။ ဘယ်ရီရက်ဆာရေကန် (အမေရိကန်)



အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာပါဒေသတွင် တည်ရှိသော ဘယ်ရီရက်ဆာသည် ဒေသတွင်း အကြီးမားဆုံး ရေကန်ကြီးလည်း ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေသည့် အလှအပရှုခင်းနေရာ တစ်ခုအဖြစ်သာမကဘဲ ရေအားလျှပ်စစ် ထုတ်ယူရေးတွင်လည်း ဘယ်ရီရက်ဆာ ရေကန်ကြီးက အလွန်အရေးပါသည်။

ရေကန်ကြီးတွင် အထူးလူသိများ ထင်ရှားသည့်အရာမှာ Glory Holeခေါ် ရေဆင်းပေါက်ကြီး ဖြစ်သည်။ အချင်း ၇၂ ပေ အကျယ်ရှိသော အပေါက်ကြီးသည် အောက်ဘက်တွင် ပေ ၂၀၀ မျှထိ နက်ရှိုင်းစွာတည်ရှိသည်။

အကယ်၍ ရေကန်ကြီးထဲတွင် သတ်မှတ်ပမာဏထက် ရေထုပိုများလာပါက အဆိုပါ အပေါက်ကြီးမှတစ်ဆင့် တစ်စက္ကန့်လျှင် ၄၈,၈၀၀ ကုဗပေ ပမာဏမျှ ရေများကို လျင်လျင်မြန်မြန် ဝါးမျိုစုပ်ယူသွားစေနိုင်သည်။ ထိုရေများကို ရေကန်ပေါင်တွင် ဆောက်လုပ်ထားသည့် ရေကာတာကြီး၏ အခြားဘက်သို့ ပို့ဆောင်ပေးနိုင်အောင် စီမံထားသည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် အဆိုပါ ရေဆင်းပိုက်ပေါက်ကြီး အနီးသို့ လူအများ သွားရောက်ခွင့်ကို တားမြစ်ထားသလို ရေကန်အတွင်းမှ အချို့နေရာများတွင်လည်း ရေကူးခွင့်ကို ပိတ်ပင်ထားသည်။

၈။ ကရက်တာရေကန် (အမေရိကန်)



အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ရှိ ရေကန်ကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၇၀၀ ခန့်က မာဇာမားတောင်ကြီး ပြိုကျရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အနက် ၂,၁၄၈ ပေရှိသော ကရက်တာသည် အမေရိကန်တွင် အနက်ရှိုင်းဆုံး ရေကန်ကြီးဖြစ်သည်။ တိုင်းတာမှုစံနှုန်း ကွဲလွဲချက်များကြောင့် ကမ္ဘာပေါ်တွင် သတ္တမ၊ (သို့မဟုတ်) နဝမ အနက်ဆုံးရေကန်အဖြစ် နှစ်မျိုးသတ်မှတ်ခံရသည်။

ထူးခြားချက်မှာ ယင်းရေကန်ကြီးသို့ စီးဝင်သည့် မြစ်ချောင်းများနှင့် အခြားသော ရေအရင်းအမြစ်များ လုံးဝရှိမနေခြင်း ဖြစ်သည်။ ထို့အပြင် ညစ်ညမ်းပစ္စည်းများ ကင်းရှင်းသဖြင့် ရေထုမှာ အလွန်ကြည်လင်ပြီး ရေမျက်နှာပြင်အောက် ၄၃ ဒသမ ၃ မီတာမျှထိ တိုးလျှိုပေါက် မြင်နေရသည်။

ရေကန်ကြီးအနီးတွင် အနည်းဆုံး သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်နေပြီဟု ယူဆရသည့် သစ်ပင်ကြီးတစ်ပင်လည်း ရှိသည်။ ရေကန်ထဲတွင် မှော်ဆရာနှင့် တစ္ဆေသင်္ဘောဟု အမည်ပေးထားသည့် ကျွန်းနှစ်ခုလည်း သီးခြားစီ တည်ရှိနေကြသည်။

၇။ ဘိုင်ကယ်လ်ရေကန် (ရုရှား)



ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသ၏ တောင်ပိုင်းတွင် တည်ရှိသော ရေကန်ကြီးသည် ပြတ်ရွေ့ကြောင်းကြီးများကြောင့် ဖြစ်ပေါ်လာသည့် Rift Lake အမျိုးအစား ရေကန်ဖြစ်သည်။

၅,၃၈၇ ပေ နက်ရှိုင်းသည့် ဘိုင်ကယ်လ်သည် ကမ္ဘာ့အနက်ဆုံး ရေကန်ကြီးအဖြစ်လည်း မှတ်တမ်းတင်ထားသည်။ နုန်းအနည်အနှစ်များ ပို့ချမှုကြောင့် ရေကန်၏ အောက်ခြေသည် ကမ္ဘာ့အနက်ဆုံး မြေလွှာကျွံဝင် ချိုင့်ဝှမ်းတစ်ခု ဖြစ်လာပြီး ယနေ့တိုင် စူးစမ်းလေ့လာနိုင်ခြင်း မရှိသေးပေ။

အမေရိကန်နှင့် ရုရှားသုတေသီများက နုန်းအနည်အနှစ် ပို့ချမှုများကို အခြေခံ လေ့လာခဲ့ရာ အချို့သော နုန်းနှစ်များသည် သက်တမ်းနှစ်ပေါင်း ၂၅၀,၀၀၀ မျှထိပင် ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းမှာ ဘူမိဗေဒပညာရပ် သမိုင်းတွင် သက်တမ်းအရင့်ဆုံး ပို့ချအနည်အနှစ်များ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဘိုင်ကယ်လ်ရေကန်သည် ကမ္ဘာပေါ်တွင် အစောဆုံးဖြစ်တည်နေသည့် ရေကန်ကြီးတစ်ခုလည်း ဖြစ်နိုင်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ သန်းနှင့် သန်း ၃၀ ကြားမျှထိ ရှိနေပြီဟုလည်း ယူဆရသည်။

ဘိုင်ကယ်လ်သည် ဒေသတွင်း ဂေဟစနစ်ကို ထိန်းညှိပေးသည့် ဇီဝဗေဒ ရပ်ဝန်းတစ်ခုလည်းဖြစ်ပြီး ဒေသတစ်ခုလုံးတွင် နေထိုင်သည့် သက်ရှိတိရစ္ဆာန် မျိုးစိတ်အားလုံး၏ ၈၀ ရာခိုင်နှုန်းမျှသည် ရေကန်နှင့် ဆက်စပ်ပြီး ရှင်သန်နေခြင်း ဖြစ်သည်။ ထို့အပြင် အပင်မျိုးစိတ် ၁,၀၀၀ မျှသည်လည်း ရေကန်ထဲတွင် ရှင်သန်ပေါက်ဖွားလျက်ရှိသည်။

ဘိုင်ကယ်လ်ရေကန်ကြီးကို UNESCO က ကမ္ဘာ့အမွေအနှစ် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် ၁၉၉၆ ခုနှစ်က သတ်မှတ်ခဲ့သည်။

၆။ အေဘရာဟမ်ရေကန် (ကနေဒါ)



ကနေဒါနိုင်ငံရှိ အယ်လ်ဘာတာ ဒေသမှ အေဘရာဟမ် အိုင်ကြီးသည် သဘာဝရေကန်စစ်စစ်ဟု သတ်မှတ်ရန် အတန်ငယ် အငြင်းပွားစရာ ဖြစ်နိုင်သည်။ အကြောင်းမှာ ကန်၏ အချို့သော အစိတ်အပိုင်းများကို လူသားများက ပုံသွင်းတည်ဆောက်ထား၍ ဖြစ်သည်။

ကနေဒါနိုင်ငံရှိ ရော့ကီးတောင်တန်းများ၏ အောက်ခြေတွင် တည်ရှိနေသော ရေကန်ကြီးသည် နွေရာသီတွင် တစ်မျိုးတစ်ဘာသာ လှပသည်။ သို့သော်လည်း ဆောင်းရာသီတွင် ရေကန်၏ ရှုခင်းမှာ အလှပဆုံး၊ ဆွဲဆောင်မှု အရှိဆုံးဖြစ်သည်။

ဆောင်းရာသီတွင် ရေကန်အောက်ခြေမှ ပူစီဖောင်းလေးများ ထလာက ရေမျက်နှာပြင်ထက်တွင် တွဲခိုနေတတ်ပြီး ဆန်းကျယ်လှသည့် မြင်ကွင်းတစ်ခု ဖြစ်လာသည်။ ထိုအချိန်မျိုးတွင် ကန်ရေပြင်ထက်၌ သိုးမွေးချပ် အလွှာဝိုင်းလေးများ ပေါလောပေါ်နေသည့်နှယ် ရှိတတ်သည်။

ကန်၏အောက်ခြေရှိ ဘက်တီးရီးယားပိုးမွှားများ ဖွဲ့စည်းပုံ ပြိုကွဲပြီးနောက် မီသိန်းဓာတ်ငွေ့များ ထွက်ပေါ်လာကာ အဆိုပါပူဖောင်းလေးများအသွင် ပြောင်းလဲ ဖြစ်ပေါ်လာလေ့ရှိသည်။ နွေရာသီတွင် အဆိုပါ ပူဖောင်းလေးများသည် ချက်ချင်းအငွေ့ပျံ ပျောက်ကွယ်သွားသော်လည်း ဆောင်းရာသီတွင်မူ အအေးဓာတ်ကြောင့် ရေကန်၏ အေးခဲသော မျက်နှာပြင်တွင် ကပ်ငြိကာ အံ့ဩစရာ သဘာဝပန်းချီကားတစ်ချပ်အဖြစ် ပုံပေါ်လာသည်။

၅။ တားလ်ရေကန် (ဖိလစ်ပိုင်)



ဖိလစ်ပိုင်နိုင်ငံ၊ ဘာတန်ဂက်စ်ရှိ ရေချိုကန်ကြီးသည် ဖိလစ်ပိုင်၏ တတိယအကြီးဆုံးနှင့် လာရောက်လည်ပတ်သူများ၏ ဓာတ်ပုံရိုက်မှတ်တမ်းတင်မှု အများဆုံး ကန်ကြီးဖြစ်သည်။

ရေကန်အလယ်ရှိ ကျွန်းပေါ်တွင် ဖိလစ်ပိုင်၏ ဒုတိယ နိုးကြွလှုပ်ရှားဆုံး မီးတောင်ငယ်တစ်လုံးဖြစ်သည့် တားလ်မီးတောင် တည်ရှိနေခြင်းက ထူးခြားချက်တစ်ရပ် ဖြစ်သည်။

တားလ်ရေကန်၏ အလယ်ဗဟိုရှိ ကျွန်းပေါ်တွင် နောက်ထပ်ရေကန်ငယ်တစ်ခု ထပ်ရှိနေသေးပြီး ယင်းကို မိန်းကာတာရေကန်ဟု ခေါ်သည်။ ယခင်က အဆိုပါ ရေကန်ငယ်သည် အနီ၊ အဝါနှင့် စိမ်းမြသောအရောင်များ အစိတ်အပိုင်းအလိုက် ကွဲပြားတည်ရှိသော်လည်း မီးတောင်ပေါက်ကွဲမှု တစ်ခုအတွင်း အဆိုပါ ဝိသေသ လက္ခဏာရပ်များ ပျောက်ကွယ်သွားခြင်းဟု သိရသည်။

မိန်းကာတာ ရေကန်၏ အလယ်တွင် ဗူလ်ကန်ပွိုင့်ခေါ် ကျွန်းငယ်လေးတစ်ခု တည်ရှိနေပြန်သည်။ ထို့ကြောင့် တားလ်ရေကန်သည် ကျွန်းအတွင်းမှ ရေကန်၊ ရေကန်အတွင်းမှ ကျွန်းအဖြစ် အဆင့်ဆင့် ဖြစ်တည်နေသည့် ထူးခြားသော သဘာဝ ပထဝီဝင် အနေအထားတစ်ခု ဖြစ်လာခဲ့သည်။

လူဇုန်ကျွန်းပေါ်တွင် တားလ်ရေကန်ရှိပြီး၊ တားလ်ရေကန်ထဲတွင် တားလ်မီးတောင်ကျွန်း တည်ရှိသည်။ အဆိုပါကျွန်းပေါ်တွင် မိန်းကာတာ ရေကန်ရှိပြီး ယင်းရေကန်ထဲတွင် ဗူလ်ကန်ပွိုင့်ကျွန်းငယ်က အဆင့်ဆင့် ဖြစ်တည်လျက်ရှိသည်။

၎။ ဂျူဇိုင်ဂူးတောင်ကြားရေကန် (တရုတ်)



တရုတ်နိုင်ငံ၊ ဂျူဇိုင်ဂူး အမျိုးသားဥယျာဉ်အတွင်းတွင် တည်ရှိသော ရေကန်ကို ပန်းငါးပွင့်ရေကန်ဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။

ရေကန်၏ တည်ရှိပုံနှင့် ပတ်ဝန်းကျင် အလှအပများကြောင့် ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား နေ့စဉ်လာရောက်လေ့ရှိကြောင်းလည်း သိရသည်။ ဒေါင်းမြစ်စီးဝင်နေသော ရေကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂,၄၇၂ မီတာ အမြင့်တွင် တည်ရှိပြီး ရေအနက်မှာမူ ငါးမီတာမျှသာ ရှိသည်။

ရေတိမ်ကန်လေးသာ ဖြစ်သော်လည်း ရေအလွန်ကြည်လင်ပြီး သစ်ပင်ကြီးများ၏ အမြစ်များက ရေအောက်တွင် ယှက်နွှယ်တည်ရှိနေသော ထူးခြားသည့် မြင်ကွင်းများကြောင့် အလွန်မျက်စိပသာဒဖြစ်အောင် ဖမ်းစားနိုင်သည်။

ရေကန်ပတ်ဝန်းကျင်တွင် နှစ်ချို့သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး ယင်းတို့၏ အမြစ်များက အပြန်အလှန် လွန်းထိုးယှက်နွှယ်နေခြင်း ဖြစ်သည်။ ထို့အပြင် ကြွေကျနေသည့် သစ်ရွက်များ၏ အရောင်ကိုလိုက်ပြီး ရေအရောင်မှာလည်း အဝါ၊ အစိမ်း၊ အနီ၊ အပြာ စသဖြင့် အမျိုးမျိုး ပြောင်းလဲတတ်ပြန်သည်။

ပန်းငါးပွင့်ရေကန်နှင့် ဂျူဇိုင်ဂူး တောင်ကြားဒေသတို့ကို UNESCO က ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ၁၉၉၂ ခုနှစ်က မှတ်တမ်းတင် သတ်မှတ်ခဲ့သည်။

၃။ အစက်အပြောက်ရေကန် (ကနေဒါ)



အစက်အပြောက်ရေကန် (Spotted Lake)ဆိုသည့် အမည်နှင့် လိုက်ဖက်စွာပင် ရေမျက်နှာပြင်ပေါ်တွင် လုံးဝန်းသော အကွက်ကြီးများ ဖြစ်ပေါ်နေသည့် ရေကန်သည် ကနေဒါနိုင်ငံရှိ၊ ဗြိတိသျှ ကိုလံဘီယာဒေသတွင် တည်ရှိသည်။

အရောင်အသွေးရော၊ အရွယ်အစားပါ အမျိုးမျိုးအဖုံဖုံ စုံလင်နေသည့် အဆိုပါ အကွက်ကြီးများကို အဝေးမှပင် တွေ့မြင်နိုင်လောက်အောက် ထင်ရှားကြီးမားသည်။

ရေကန်ထဲတွင် မဂ္ဂနီဆီယမ်ဆာလ်ဖိတ်၊ ကယ်လ်စီယမ်နှင့် ဆိုဒီယမ်ဆာလ်ဖိတ် အစရှိသည့် ဓာတ်ဆားများ ပြင်းအားအမြင့်ဆုံး ခိုအောင်းတည်ရှိနေသည်။

အစက်အပြောက်ရေကန်သည် ကမ္ဘာပေါ်တွင် အဆိုပါဓာတ်ဆားသုံးမျိုး ပြင်းအားအမြင့်ဆုံး သိုမှီးထားသည့် ရေကန်ဖြစ်ပြီး အခြားသော ဓာတ်ဆားအမျိုးအစား ရှစ်မျိုးမျှလည်း ရှိနေသေးသည်။ ထို့အပြင် ငွေနှင့် တိုက်တေနီယမ်တို့ ပါဝင်သည့် ဓာတ်ပေါင်းလေးမျိုးလည်း ဖြစ်တည်နေကြောင်း သိရသည်။

ရေကန်ထဲတွင် မဂ္ဂနီဆီယမ်ဆာလ်ဖိတ် အမြောက်အမြား ရှိနေသည့် အကျိုးဆက်မှာ ယခုကဲ့သို့ အဝိုင်းကွက် အစက်အပြောက်ကြီးများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဓာတ်ဆားများသည် နွေရာသီတွင် ပုံဆောင်ခဲအဖြစ် ပြောင်းလဲသွားပြီး ရေခန်းခြောက်သွားချိန်၌ ယင်းအကွက်ကြီးများကြားတွင် လမ်းလျှောက်သွားလာနိုင်သည်အထိ ရေနည်းသွားတတ်သည်။

ရေကန်အတွင်းရှိ ရေသည် ရောဂါကုသရန် အသုံးဝင်သည့် ဓာတ်ပစ္စည်းများ ကြွယ်ဝခြင်းကြောင့် ဆေးကုမ္ပဏီကြီး အများအပြားက ဝယ်ယူရန် အပြိုင်ကြိုးပမ်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကနေဒါ မူလနယ်ခံ တိုင်းရင်းသား အဖွဲ့အစည်းများက ဒေါ်လာ ၇၂၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

၂။ ဟီလီရာရေကန် (ဩစတြေးလျ)



ဩစတြေးလျနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသည့် ဟီလီရာ ရေကန်မှာ ၎င်း၏ အရောင်အဆင်းကို အစွဲပြုပြီး ပန်းရောင်ရေကန်ဟုလည်း ခေါ်ဝေါ်ခံရလေ့ရှိသည်။

မစ်ဒယ်လ်အိုင်းလန်း ကျွန်းပေါ်တွင် တည်ရှိသည့် ရေကန်၏ ထူးခြားချက်မှာ အောက်ခြေမြေသား အရောင်ကြောင့် ပန်းရောင်ဖြစ်နေခြင်း မဟုတ်ဘဲ ကန်အတွင်းရှိ ရေထုကပါ ပန်းရောင်ဖြစ်ပေါ်နေခြင်းဟု ဆိုသည်။

ဘက်တီးရီးယား နှစ်မျိုးက နေရောင်ကို စွမ်းရည်အဖြစ် ခံယူအသုံးပြုရာတွင် ထွက်ရှိသည့် အနီရောင်ခြယ် ဓာတ်ပစ္စည်းများနှင့် ရေထုရောစပ်ပြီး ပန်းရောင်ပြောင်းသွားခြင်း ဖြစ်သည်။ အာဖရိကတိုက်ရှိ ရတ်ဘားရေကန်သည်လည်း အလားတူ ဖြစ်စဉ်မျိုးကြောင့် ပန်းရောင်ပြောင်းနေသော်လည်း ဟီလီရာ ရေကန်ကမူ အလွန်ထင်ရှား တောက်ပသည့် ပန်းရောင်မျိုး ဖြစ်ပေါ်နေသည်။

သို့သော်လည်း ကမ္ဘာပေါ်ရှိ အခြားမည်သည့် ရေကန်နှင့်မျှ မတူသည့် အချက်တစ်ခုမှာ ထိုရေကန်မှရေကို သယ်ယူပြီး အခြားနေရာတွင် ထားရှိပါကလည်း ပန်းရောင်ပျောက်မသွားခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်များသည် ဟီလီရာရေကန်မှ ရေနမူနာကို ရယူပြီး အမျိုးမျိုး စမ်းသပ်ခဲ့သော်လည်း ကန်အတွင်းရှိရေသည် နေရာတိုင်းတွင် အရောင်မပြောင်းလဲဘဲ တည်မြဲနေသည့် အကြောင်းရင်းကို အဖြေမထုတ်နိုင်သေးချေ။

ရေကန်မှာ မီတာ ၆၀၀ မျှသာ ကျယ်သော်လည်း ထူးခြားတောက်ပသည့် အရောင်အဆင်းကြောင့် ပတ်ဝန်းကျင်နှင့် ခြားနားထင်ရှားစွာ တွေ့မြင်နေရတတ်သည်။

၁။ ပလစ်ဗိုက်စ်ရေကန် (ခရိုအေးရှား)



ခရိုအေးရှားနိုင်ငံ၊ ပလစ်ဗိုက်စ် အမျိုးသားဥယျာဉ် အတွင်းတွင် တည်ရှိသော ရေကန်ကို ကမ္ဘာပေါ်တွင် အလှပဆုံးအဖြစ် ညွှန်းဆိုလေ့ရှိသည်။ ပလစ်ဗိုက်စ်ဥယျာဉ်သည် ခရိုအေးရှားတွင် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး သဘာဝ ဥယျာဉ်ကြီးလည်း ဖြစ်သည်။

ရင်သပ်ရှုမောလောက်ဖွယ် သဘာဝ အလှအပများကြောင့် တစ်နှစ်လျှင် ထိုရေကန်သို့ ကမ္ဘာလှည့် ခရီးသည် ၁ ဒသမ ၂ သန်းမျှ ပုံမှန်သွားရောက် လည်ပတ်လေ့ ရှိသည်။ ရေတံခွန်များ၊ ကျွန်းတန်းငယ်လေးများ အနားသတ်ထားပြီး အလွန်ကြည်လင် တောက်ပနေသည့် ရေကန်ကို UNESCOက ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ၁၉၇၉ ခုနှစ်ကတည်းက သတ်မှတ်ထားသည်။

ခရိုအေးရှားအစိုးရသည် ပလစ်ဗိုက်စ်ရေကန်ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ရေကန်အတွင်း ဝင်ရောက်လည်ပတ်သူများကို ၁၈ ဒေါ်လာ ဝင်ကြေးကောက်ခံလေ့ရှိသည်။ ပလစ်ဗိုက်စ် ရေကန်၏ ထူးခြားချက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရေတံခွန်ငယ်လေးများနှင့် ရေတားတမံများကြောင့် ရေကန်ငယ် ၁၆ ခုသဖွယ် သီးခြားကွဲပြားနေခြင်း ဖြစ်သည်။

ရေကန်ငယ်များ၏ အရောင်သည် ဓာတ်သတ္တုပစ္စည်း ပါဝင်မှု၊ နေရောင်ခြည် ကျရောက်မှု၊ အောက်ခံမြေသား အစရှိသည်တို့ ကွဲပြားမှုကြောင့် အစိမ်း၊ အပြာ၊ မီးခိုးရောင် စသဖြင့် အမျိုးမျိုး ခြားနားနေတတ်သည်။

—Ref: Hub Pates

7day