ရန်ကုန်တွင် ယာဉ်မရပ်ရလမ်း ၈၂ လမ်းထိရောက်ရှိ

ပို့စ်တင်ချိန် - 6/10/2014 09:30:00 AM


ရန်ကုန်၊ ဇွန် ၈
ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်တွင် ယာဉ်မရပ်ရလမ်း ၇၇ လမ်းသတ်မှတ်ခဲ့ရာမှ ဇွန်လ ၆ ရက်တွင် နောက်ထပ်ငါးလမ်း ထပ်တိုး သတ်မှတ်လိုက်သည့်အတွက် ယာဉ်မရပ်ရလမ်း ၈၂ လမ်းထိ ရှိလာပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ထပ်တိုးလာသည့် ယာဉ်မရပ်ရ ငါးလမ်းမှာ မြောက်မြင်းပြိုင်ကွင်းလမ်းနှင့် အနောက်မြင်းပြိုင်ကွင်း လမ်းဆုံမှ ဦးချစ်မောင် လမ်းဆုံအထိ၊ လေးထောင့်ကန်လမ်းမှ အရှေ့မြင်းပြိုင်ကွင်း လမ်းအတိုင်း မိုးကောင်းလမ်း တစ်လျောက် ကံဘဲ့လမ်းဆုံအထိ၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းဆုံမှ စက်မှု (၁) လမ်းဆုံအထိ၊ ဗဟန်းလမ်းဆုံမှ ကြားတောရလမ်းအတိုင်း ရေတာရှည် လမ်းဟောင်းအထိ၊ အာဇာနည်လမ်းနှင့် ဦးထောင်ဘိုလမ်းဆုံမှ အာဇာနည်လမ်းအတိုင်း အနောက်ရွှေဂုံတိုင်လမ်း ဟောင်းအထိ စသည့်နေရာများတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ခရီးသည် အတင်အချ ပြုလုပ်သည်မှလွဲ၍ ယာဉ်ရပ်တန့်ခြင်း လုံးဝမပြုရန် အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ယာဉ်မရပ်ရသည့် လမ်းများ သတ်မှတ်ထားသော်လည်း ယာဉ်ပိုင်ရှင် အများစုက လိုက်နာခြင်း မရှိသဖြင့် အောင်မြင်မှု နည်းသေးကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ဝန်ခံပြောကြားသည်။

“မအောင်မြင်ရခြင်း အကြောင်းရင်းက ကျွန်တော်တို့ ဖမ်းဆီးအဖွဲ့က ၄ ဖွဲ့ပဲ ရှိတယ်။ တချို့ကားတွေက ယာဉ်ပိုင်ရှင်တွေ အနီးမှာရှိလို့ ကရိန်းနဲ့ မဆွဲဘဲ လူအလာ စောင့်ပေးတာနဲ့ အချိန်ကုန်တာတွေ ရှိတယ်။ ရှေ့ကဖမ်းရင် နောက်မှာ ပြန်ရပ်ကြတာပဲ” ဟု ၎င်းကဆိုသည်။

“ယာဉ်မရပ်ရ လမ်းတွေရဲ့ တစ်ဖက်တစ်ချက်တွေမှာ ရှိတဲ့အိမ်တွေက ကိုယ့်အိမ်ရှေ့ကိုယ် ရပ်တာတောင် ကရိန်းနဲ့ အဆွဲခံနေရတယ်။ ယာဉ်ရပ်နားဖို့နေရာ အလုံအလောက် မစီစဉ်ပေးနိုင်ဘဲနဲ့ ဒီစနစ်ကိုလုပ်တာ မြို့ပြ စီမံခန့်ခွဲမှုပညာကို နားမလည်ဘူးဆိုတာ ရှင်းနေတယ်။ လမ်းကြားထဲ ဝင်ရပ်ရအောင်လည်း နေရှာကမရှိ။ ဘယ်မှာရပ်ရပ် ကျီးလန့်စာစားပြီး ရပ်နေရတယ်” ဟု ဗိုလ်တထောင် ဘုရားလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စ၍ ၆ လမ်းသွားလမ်းမကြီး ၃၇ လမ်းကို ယာဉ်မရလမ်းအဖြစ် စတင်ကြေငြာခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်တမ်းများဖြင့် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်သည့် လမ်းများကို မရပ်ရလမ်းအဖြစ် ဆက်တိုက် ထုတ်ပြန်ခဲ့ရာ ၂၀၁၄ ခုနှစ် ဇွန်လ ၆ ရပ်နေ့ထိ ယာဉ်မရပ်ရလမ်း ၈၂ လမ်းထိရှိခဲ့ပြီး စတင်ဖမ်းဆီးခဲ့သည့် အချိန်မှစ၍ ၂၀၁၄ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ စည်းကမ်းမဲ့ ယာဉ်ပေါင်း ၈၇၁၈ စီးကို ဖမ်းဆီးအရေးယူကြောင်း အဆိုပါ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

the Voice