ရာဇာမင်းယာဉ်တိမ်းမှောက်မှု ဒဏ်ရာရရှိသူ ၂၁ ဦး အာမခံကြေး ကျပ် ၈၂ သိန်းကျော် ရရှိ

ပို့စ်တင်ချိန် - 6/27/2014 04:56:00 PM



နန်းမြင့်| သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

၂၀၁၄ ခုနှစ် မေ ၁၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သောရာဇာမင်း ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ၂၁ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး စုစုပေါင်း ၈၂ သိန်းကျော် ပေးအပ်ခဲ့သည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

အဆိုပါ အာမခံလျော်ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လျော်ကြေးပေးအပ်ရာတွင် ဆေးရုံတွင်ရှိ နေသူ တစ်ဦးနှင့် စာရွက်စာတမ်း မပြည့်စုံသူလေးဦး ကျန်ရှိနေသေးသည်ဟုလည်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။

အဆိုပါ ဖြစ်စဉ်သည် မေလ ၁၂ရက် ရန်ကုန်-မန္တလေးအမြန်လမ်း (၁၉၇/၆)မိုင်အနီးတွင် ရာဇာမင်း ယာဉ်လိုင်းမှ ယာဉ်အမှတ် (၅ဃ/ ၁၂၅၇) ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၆ ဦး ရှိခဲ့သည်။

ဇွန် ၂၆ ရက်က မြန်မာ့အာမခံလုပ်ငန်းမှ ဒဏ်ရာရှိသူ ၂၁ ဦးအတွက် ခရီးသွားအာမခံအကျိုးခံစားခွင့် ကျပ် ၆၆ သိန်း ကျော်နှင့် သူတစ်ပါးထိခိုက်မှု အကျိုးခံစားမှု အတွက် ၁၅ သိန်းကျော် စုစုပေါင်းကျပ် ၈၂၀၀,၀၀၀ ကျော် ပေးလျော်ခဲ့ခြင်းဖြစ် သည်။

အထူးအဝေးပြေး ခရီးသွားအာမခံလုပ်ငန်းကို တစ်ဦးလျှင် ကျပ် ၃၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ လျှင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးပေးပြီး ဒဏ်ရာရရှိသူ များကို ဒဏ်ရာရရှိမှုပေါ်မူတည်ပြီး ငါးရာ ခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးခြင်း ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူ ဒေါ်စန္ဒာဌေးက “ ဆေးစာရွက်မှတ်တမ်းမှာတော့ လက်ဖျံရိုးကျိုးတယ်။ နံရိုးနှစ်ချောင်းကျိုး သွားတယ်။ အဆုပ်ထိခိုက်တာပါတယ်။ နေပြည်တော်ဆေးရုံမှာ ငါးရက်တက်ခဲ့တယ်။ အာမ ခံလျော် ကြေးပေးတဲ့ထဲမှာ လက်ဖျံရိုးကျိုးတာပဲပါတယ်” ဟု ပြောသည်။

ယင်းဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သူ ၁၆ ဦးအတွက် နေပြည်တော်တွင် အာမခံ လျော်ကြေးပေးအပ်ခဲ့ပြီးဖြစ်ကာ တစ်ဦးလျှင် သူတစ်ပါးထိခိုက်မှုအာမခံအတွက် ကျပ် ငါးသိန်း၊ အထူးအဝေးပြေး ခရီးသွား အာမခံအတွက် ကျပ်သိန်းကုမ္ပဏီတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိမှုအတွက် ကျပ် ၁၀ သိန်းနှင့် ရာဇာ မင်းယာဉ်လိုင်းမှ ကျပ် ၁၅သိန်း ပေးလျော်ခဲ့သဖြင့် တစ်ဦးလျှင် ကျပ်သိန်း ပေါင်း ၆၀ အထိ ပေးလျော်ခဲ့သည်။

Mizzima Burmese