အိန္ဒိယနိုင်ငံတွင် မုဒိမ်းကျင့်ခံရသည်ဟု ယူဆရသော အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး

ပို့စ်တင်ချိန် - 6/14/2014 08:51:00 PM



နယူးဒေလီ၊ ဇွန် ၁၂

အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ခြင်းများ ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံ အူတာပရာဒက်ပြည်နယ် ကျေးရွာတစ်ရွာတွင် မုဒိမ်းကျင့်ခံခဲ့ရသည်ဟု ဆိုသော အသက် ၁၉ အရွယ် မိန်းကလေးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မိန်းကလေး၏ ရုပ်အလောင်းကို မြို့တော်ဒေလီမှ ကားဖြင့် သုံးနာရီခန့် သွားရသည့် အကွာအဝေးတွင် ရှိသော မိုရာဒဘတ် ဧရိယာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူမသည် မုဒိမ်းကျင့်ခံခဲ့ရကြောင်း သူမ၏ မိသားစုက ပြောကြားသည်။

သူမ၏ အလောင်းကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ဆဲပင် ဖြစ်သောကြောင့် အမှန်တကယ် မုဒိမ်းကျင့်ခံခဲ့ရခြင်း ဟုတ်မဟုတ်ကိုမူ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးပေ။

ဗုဒ္ဓဟူးနေ့ကလည်း အူတာပရာဒက် ပြည်နယ်တွင် အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး၊ ပြီးခဲ့သည့် လကလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ပြီး အသတ်ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦးကိုလည်း တွေ့ရှိခဲ့ရသည်။

ဗုဒ္ဓဟူးနေ့က အသက် ၄၄ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ ဘာဟရစ်ခ်ျ ဧရိယာတစ်ဝိုက်ရှိ သစ်ပင်တစ်ပင်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ထားသည်ကို တွေ့ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းသည် အရက်ရောင်းချခြင်းကြောင့် ဒေသခံများ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရပြီး ၎င်း၏ မိသားစုက သံသယရှိသူ ငါးဦး၏ အမည်ကို တိုင်ကြားထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။

ထို့အတူ မေလ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ ဘဒန်ဒေသတွင် ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ပြီး သစ်ပင်တွင် ကြိုးဆွဲချခဲ့သည့် ကိစ္စကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း လိင်အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး မကျေနပ်မှုများ ထပ်မံဖြစ်ပွားလာခဲ့သည်။

အဆိုပါပြစ်မှုနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးနှင့်အတူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် လည်းကောင်း၊ တာဝန်ပေါ့လျော့မှုဖြင့် လည်းကောင်း ဖမ်းဆီးထားသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်က မြို့တော်ဒေလီတွင် ဘတ်စ်ကားပေါ်၌ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှ စတင်၍ လိင်အကြမ်းဖက်မှု မြင့်တက်လျက်ရှိသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် လိင်အကြမ်းဖက်မှုနှင့် ပတ်သက်သော ဥပဒေများကို အစိုးရက တင်းတင်းကျပ်ကျပ် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများကို အကာအကွယ်ပေးခြင်းမှာ ပထမ ဦးစားပေးကိစ္စ ဖြစ်ကြောင်း အိန္ဒိယသမ္မတသစ် မိုဒီက ပြောကြားထားသည်။

The Voice Weekly