အကြော်ဆရာတစ်ဦးကို စားပွဲထိုးက ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်မှု ရန်ကင်းမြို့နယ်တွင်ဖြစ်ပွား

ပို့စ်တင်ချိန် - 6/04/2014 11:08:00 AM


အခင်းဖြစ်ပွားခဲ့သည့်နေရာဝန်းကျင်အား ဇွန် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကင်းမြို့နယ်တွင် အကြော်ဆရာတစ်ဦးအား စားပွဲထိုးတစ်ဦးက ၀ါးရင်းတုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဇွန် ၃ ရက် နံနက် ၁ နာရီခန့်တွင် ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ ဇီးကွက်ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ်ပွားကြောင်းသိရသဖြင့် စုံစမ်းရာ အသက်ခံရသူမှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်နေ ရန်ကင်းမြို့နယ် ၁၄ ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အကြော်ဆရာ လာရောက်လုပ်ကိုင်သည့် ကို….. ၃၀ နှစ်ဖြစ်ကြောင်းသိရပြီး ဦးခေါင်းဒဏ်ရာများဖြင့် ပက်လက်အနေအထား သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတာဝန်ရှိသူများ လာရောက်စစ်ဆေးရာ ကျူးလွန်သူမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းနေ ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးလာရောက်လုပ်ကိုင်သူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

မနက်ကျမှ ကျွန်တော်တို့ကိုရဲကခေါ်ပြီးပြောတဲ့အခါမှ သိရတာ။ အဲဒီကောင်လေးက ညဘက်သူ့ဂျူတီပြီးတော့ အသတ်ခံရတဲ့ကောင်လေးနဲ့အတူ အရက်ထွက်သောက်ပြီး အပြန်မှာ ဒီလိုဖြစ်သွားတာလို့သိရတယ်

“ဖြစ်စဉ်ကိုဆက်စပ်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှ ကျူးလွန်တဲ့သူက ၁၅ ရပ်ကွက်က စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ကိုင်နေတဲ့သူ ဖြစ်တယ်လို့ သိရတယ်။ သူ့ကိုဖမ်းဆီးရမိဖို့အတွက် တိုင်း၊ ခရိုင်အထူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နေတယ်” ဟု ရန်ကင်းမြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးဇော်ဇော်က ဇွန် ၃ ရက်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအလုပ်လုပ်ကိုင်သည့် ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက်ရှိ စားသောက်ဆိုင်၏ တာဝန်ရှိသူတစ်ဦးအား သွားရောက်မေးမြန်းရာ “အဲဒီကောင်လေးက ညကတည်းက ဆိုင်ကိုပြန်ရောက်မလာဘူး။ မနက်ကျမှ ကျွန်တော်တို့ကိုရဲကခေါ်ပြီးပြောတဲ့အခါမှ သိရတာ။ အဲဒီကောင်လေးက ညဘက်သူ့ဂျူတီပြီးတော့ အသတ်ခံရတဲ့ကောင်လေးနဲ့အတူ အရက်ထွက်သောက်ပြီး အပြန်မှာ ဒီလိုဖြစ်သွားတာလို့သိရတယ်” ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား ရန်ကင်းမြို့မရဲစခန်းက (ပ)၁၃၁/၁၄ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးစုံစမ်းနေကြောင်း သိရသည်။

Eleven Media Group