အသားဖြူခရင်မ်သုံးရင်း အရေပြားတွင် အမဲစက်များ ထင်ကျန်ရစ်သူများကို ကာနီဘို နစ်နာကြေးပေး

ပို့စ်တင်ချိန် - 6/22/2014 07:57:00 AM



ဂျပန်အလှကုန် ကာနီဘိုမှ ထုတ်လုပ်သည့် အသားဖြူခရင်မ်များ သုံးစွဲပြီး မျက်နှာတွင် အမဲစက်များ ထွက်ခဲ့သူ လေးထောင်ကျော်ကို ကာနီဘိုသည် နစ်နာကြေးများ စတင်ပေးအပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မျက်နှာ အမဲစက်များထွက်ကြောင်း အကြောင်းကြားစာ ပေးပို့သူ ဂျပန်နိုင်ငံသား (၁၅၀၀၀) အနက် (၄၀၀၀) ကျော်ကို နစ်နာကြေးများ စတင်ပေးအပ်ခြင်း ဖြစ်သည်။ ရိုဒိုဒီနိုဟု ခေါ်တွင်သည့် ဓာတုပစ္စည်းပါဝင်သော ကာနီဘိုအလှကုန် (၅၄) မျိုးကြောင့် အရေပြားတွင် အမဲစက်များထွက်ကြောင်း သိရအပြီးတွင် ကာနီဘိုသည် သက်ဆိုင်ရာ အလှကုန် အများအပြားကို ပြန်သိမ်းယူခဲ့ရသည်။

အသားဖြူခရင်မ် လိမ်းအပြီးတွင် အရေပြားတွင်အမဲစက်များ ထွက်လာခြင်း၊ အရေပြားအရောင် ပျက်ပြယ်ခြင်းများ ဖြစ်ပွားခဲ့သည်။ ကာနီဘိုသည် ထိခိုက် ခံစားခဲ့ရသူများကို ကျန်းမာရေး စရိတ်များလည်း ထုတ်ပေးခဲ့ပြီးဖြစ်ကာ ယခုအခါတွင်မှ နစ်နာကြေးကို ထပ်မံပေးအပ်ခြင်း ဖြစ်သည်။

မတဲ့သော ဓာတ်ပစ္စည်းပါသည့် ကာနီဘို အလှကုန်ကို အသုံးရပ်ပြီး တစ်နှစ်ကျော်လာသည့်တိုင် အရေပြားတွင် အမဲစက်များ၊ အရောင် မမှန်ကွက်များ ထင်ကျန်နေဆဲသူ (၄၀၀၀) ကျော်ကို နစ်နာကြေးများ ပေးအပ်ခြင်း ဖြစ်ကြောင်း ကာနီဘိုပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက ပြောသည်။

နစ်နာကြေးသည် တစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်ကြောင်း ပြောခွင့်ရ အမျိုးသမီးက ပြောသည်။ စုစုပေါင်းမည်မျှ ပေးအပ်ကြောင်း ကိုကား ကာနီဘိုက ထုတ်ပြန် ပြောကြားခြင်းမရှိ။ ဂျပန်နိုင်ငံ ဂျီဂျီသတင်းဌာန၏ ခန့်မှန်းချက်အရ ဒေါ်လာသန်း ဆယ်ဂဏန်း ၀န်းကျင်ရှိနိုင်ကြောင်း သိရသည်။

Source: AFP


Messenger News Journal