ကမ္ဘာ့ဖလား ကျင်းပနေတဲ့ ဘရာဇီးကို ချက်ချင်း အခမဲ့ အလည်အပတ် သွားနိုင်ပြီ

ပို့စ်တင်ချိန် - 6/11/2014 11:30:00 AM


ဟုတ်ပါတယ်။ ကမ္ဘာဖလားအတွက် ပြင်ဆင်နေတဲ့ ဘရာဇီးနိုင်ငံရဲ့ လမ်းတွေထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက် အခမဲ့ အလည်အပတ်သွားပြီး လေ့လာနိုင်မယ့် အခွင့်အရေးပါ။ အခုလို သွားကြည့်ဖို့ အတွက် လက်မှတ်ဖြတ်ဖို့ မလိုပါဘူး။ လေယာဉ်စီးဖို့ မလိုပါဘူး။ ကားတွေ ဘာတွေလည်း စီးသွားဖို့ မလိုပါဘူး။ အခု ကွန်ပျူတာရှေ့မှာပဲ ထိုင်ရာမထ သွားရောက်နိုင်ပါတယ်။

နည်းပညာခေတ်ရဲ့ အကျိုးကျေးဇူးတွေပါ။ အင်တာနက်သုံးသူတိုင်း သိတဲ့ ကမ္ဘာကျော် နည်းပညာ company တစ်ခုဖြစ်တဲ့ Google က ဖန်တီးပေးလိုက်တာပါ။ Google မြေပုံပေါ်မှာ ကြည့်ရမှာ ဖြစ်ပါတယ်။ မြေပုံပေါ်မှာဆိုလို့ မြေပုံလမ်းကြောင်းတွေပဲ ကြည့်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးနဲ့ ကိုယ်တိုင် မြင်ရသလိုမျိုးကို လမ်းတွေ၊ ကားတွေ၊ လူတွေ၊ တိုက်တာ အဆောက်အဦးတွေနဲ့ အခြား ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတွေကို သွားရောက်လေ့လာနိုင်မှာပါ။ အောက်မှာတော့ Ygn News က ခဏတစ်ဖြုတ် အလည်အပတ် သွားရောက်ထားတဲ့ ပုံတွေပါ။ ပုံကိုနှိပ်ပြီး အကြီးကြည့်ရှုနိုင်ပါတယ်။


အထက်ပါ ပုံမှာဆိုရင် ဘယ်ဘက်အခြမ်းမှာ အမျိုးသမီးတစ်ယောက် လမ်းလျှောက်နေတဲ့ ရပ်ကွက်လမ်းကြား တစ်ခုကို တွေ့ရမှာပါ။ ညာဘက် အခြမ်းမှာတော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားမယ့် ဘရာဇီးရဲ့ နေရာတစ်ချို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။ ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ အဲဒီ ပုံတွေထဲက တစ်ခုကို နှိပ်လိုက်ရုံပါပဲ။ အပြည့်ကြည့်ချင်တယ်ဆိုရင်တော့ ဘယ်ဘက် အကွက်ထဲကို mouse လေးတင်လိုက်ရင် အပေါ်ဘက် ထောင့်လေးမှာ မြှားလေးတစ်ခု ပေါ်လာပါမယ်။ အဲဒီ မြှားလေးကို နှိပ်လိုက်ရုံပါပဲ။ အောက်က ပုံကတော့ အပြည့် ချဲ့ကြည့်ထားတဲ့ ပုံပါ။


ဘရာဇီးရဲ့ မြို့ထဲ လမ်းမပေါ်တွေမှာ သူတို့ နိုင်ငံတော်အလံကို ဆေးရောင်နဲ့ ရေးဆွဲထားတာကို တွေ့ရမှာဖြစ်ပြီးတော့ လမ်းတွေရဲ့ အပေါ်မှာတော့ သူတို့အလံမှာပါတဲ့ ရောင်စုံစက္ကူလေးတွေကို ချိတ်ဆွဲ အလှဆင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အညွှန်းကောင်းလို့ စိတ်ဝင်စားသွားပြီဆိုရင်တော့ https://www.google.com/maps/views/streetview/brazils-painted-streets?gl=us မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကွန်နက်ရှင် ကောင်းဖို့တော့ လိုပါတယ်။ ကွန်နက်ရှင် အသင့်အတင့် ကောင်းမှ ပေါ်မှာ ဖြစ်ပါတယ်။ ကြည့်လို့ အဆင်ပြေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို ဆက်ကြွား အဲလေ .. ဆက် share လိုက်ပါဦး။

YgnNews.com မှတင်ဆက်သည်။