ဆပ်ပြာခွက်များဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူဂရမ် ၄၀၀ ကျော် ဖမ်းမိ

ပို့စ်တင်ချိန် - 6/27/2014 07:37:00 AM


လားရှိုးမြို့မှ ဇွန် ၂၄ ရက်၊ ညနေ ၃ နာရီတွင် ထွက်ခွာလာသည့် GI Group ယာဉ်ပေါ်တွင် စီးနင်းလာသည့် ခရီးသည် အမျိုးသမီး သုံးဦးထံမှ ဘိန်းဖြူဂရမ် ၄၀၀ ကျော် (တန်ဖိုး ၈၅ သိန်းကျော်ခန့်)ဖမ်းဆီးရမိခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

လားရှိုးမြို့မှထွက်ခွာလာသည့် ယာဉ်ကို နောင်ချိုမြို့အ၀င် အေးရှားဝေါလ် တိုးဂိတ်အနီးမူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့များက ရှာဖွေရာ နံပါတ်(၃၉)တွင်လိုက်ပါ လာသည့် မခေါန်တောင်ထံမှ လိုင်ချီးသီးများထည့်ထားသည့်အိတ်အတွင်း အံဝှက် ပြုလုပ်၍ ကြွပ်ကြွပ်အိတ် အတွင်း ရောင်စုံ ဆပ်ပြာခွက် ၁၀ ခွက်ဖြင့် ထည့်လာသည့် ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ်ကို စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ခုံနံပါတ်၄၀ တွင် လိုက်ပါ လာသူ မဆိုင်းခေါန်ထံမှ အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာ ခွက် ၁၁ ခွက်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန်၁၂၁ ဂရမ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ခုံနံပါတ်(၄၁)မှ မခေါင်းစေး၏ ခရီးဆောင်အိတ်အတွင်း ၌လည်း ရောင်စုံဆပ်ပြာခွက် ၂၂ ခွက် အတွင်းမှ ဘိန်းဖြူအလေးချိန် ၂၄၂ ဂရမ် ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဘိန်းဖြူများ သယ်ဆောင်လာသည့် အမျိုးသမီးသုံးဦးစလုံးမှာ တာမိုးညဲမြို့နယ် ခွဲ၊ မုံစီးကျေးရွာတွင် နေ ထိုင်သူများဖြစ်ပြီး ၎င်းင်းတို့ကို ဆက်လက်စစ်ဆေးရာ တာမိုးညဲ မြို့နယ်ခွဲ၊ ပန်းရန်ခါးကျေးရွာတွင်နေထိုင် သည့် တရုတ်အမျိုးသမီး မ၀ါမရွယ်က အခ ကြေးငွေပေး၍ မန္တလေးမြို့၊ ပြည့်ကြီးမျက်ရှင်ကားဝင်းသို့ သယ် ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ရဲထံထွက်ဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘိန်းဖြူများ သယ်ဆောင်လာသူ အမျိုးသမီးသုံးဦးနှင့် ပို့ဆောင်ခိုင်းသူ အမျိုး သမီးတစ်ဦးကို နောင်ချိုမြို့မရဲစခန်းက မယ(ပ) ၅၂/၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ မယ(ပ)၅၁/၁၄၊ မူး/ စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ ဖြင့်လည်း ကောင်း၊ မယ(ပ)၅၀/၁၄၊ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Mizzima Burmese