ကညနက အမျိုးသမီးစပယ်ယာ လိုင်စင်များ စတင်ထုတ်ပေး

ပို့စ်တင်ချိန် - 6/07/2014 07:12:00 PM


အမျိုးသမီးယာဉ်နောက်လိုက်တစ်ဦး လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 အမျိုးသမီးယာဉ် နောက်လိုက်များအား တစ်လအ တွင်း စပယ်ယာလိုင်စင် ၁၉ ခု ထုတ်ပေးပြီးဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီး မှူးရုံးမှ ဦးစီးအရာရှိဦးမြင့်အောင် ကပြောကြားသည်။

‘‘စပယ်ယာလိုင်စင်အတွက် စပယ်ယာစည်းကမ်းချက်ဆောင် ရန်၊ရှောင်ရန်တွေကို ရေးဖြေရပါ တယ်။ အခုလိုင်စင်ရသွားတဲ့ ၁၉ ဦးက ၄၈ အထူးအဲကွန်းကပါပဲ’’ ဟု ၎င်းကဆိုသည်။

မေလ ၁၅ ရက်မှ ဇွန်လ ၅ ရက်အထိ တစ်လအတွင်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ဧပြီလကုန်ပိုင်းမှစတင်၍ အစမ်းခန့်အပ်ထားသော ၄၈ အထူး အဲကွန်း(ကွန်ပျူတာ တက္ကသိုလ်)မှ အမျိုးသမီးယာဉ်နောက်လိုက် ငါးဦးအပါအ၀င် စုစုပေါင်း ၁၉ ဦးမှာ ကညနလိုင်စင်နှင့် ယာဉ်လုပ်သားလိုက်ခွင့်ကတ် ပါ ရရှိပြီးဖြစ်သည့်အပြင် ၁၂၄ အထူးမြောက်ပိုင်းခရိုင်ယာဉ်လိုင်းတွင် လည်း အမျိုးသမီးယာဉ်နောက် လိုက် ခြောက်ဦးထပ်မံခန့်ထား ပြီဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဦး တရုတ်လေးကပြောသည်။

လက်ရှိ ၁၂၄ အထူးမြောက် ပိုင်းခရိုင်ယာဉ်လိုင်းရှိ ယာဉ်နှစ် စီးတွင်သာ သုံးဦးစီခန့်ထားပြီး ဖြစ်သော်လည်း တစ်ဦးစီးမှာ အလုပ်သင်အဖြစ်သာ ခန့်ထား ကြောင်း သတင်းရရှိသည်။

၁၂၄ ယာဉ်လိုင်းရှိ မြို့တွင်း ခရီးသည်အများဆုံးစီးနင်းလိုက် ပါလေ့ရှိသောကြောင့် အမျိုးသမီး ယာဉ်နောက်လိုက်နှစ်ဦး ထားရှိ ခြင်းဖြစ်ပြီး ကားပေါ်တွင် သုံး ယောက်တန်းထိုင်ခုံရှေ့နောက် နှစ်ခုံဖြုတ်ကာ ခြံဝန်းပုံစံတံခါး ကန့်ထားပြီး နေရာသတ်မှတ်ပေး ထားကြောင်း သိရသည်။

အမျိုးသမီး ယာဉ်နောက် လိုက်အလုပ်ကို အမျိုးသမီးအများ စုလာရောက်လျှောက်ထားသော် လည်း ညဘက်အိမ်ပြန်ချိန်တွင် အမျိုးသမီးများလုံခြုံရေးအတွက် ယာဉ်သိမ်းသည့်နေရာဖြစ်သော အင်းစိန်မြို့နယ်အနီးတစ်ဝိုက်ကိုသာ ဦးစားပေး ခန့်အပ်ထားပြီး မိသားစုအချင်းချင်း တွဲဖက်လုပ် ကိုင်မည်ဆိုပါက လက်ခံပေးမည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဦးတရုတ်လေးက ပြောသည်။

၁၂၄ ယာဉ်လိုင်းတွင် ယာဉ် အစီးရေ တစ်ရာဝန်းကျင်ရှိသော် လည်း ၎င်းပိုင်ဆိုင်သော ယာဉ် ၂၉ စီးလုံးတွင် အမျိုးသမီးယာဉ် နောက်လိုက်များ ခန့်အပ်သွား မည်ဖြစ်ပြီး လက်ရှိတွင် ၁၀ စီး တိုးချဲ့နိုင်ရန် ဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။

 ၁၂၄ အထူး မြောက်ပိုင်း ခရိုင်ယာဉ်များကို ကွန်ပျူတာ တက္ကသိုလ်မှ ဗိုလ်တထောင်စေတီအထိ တစ်နေ့လေးခေါက်ခန့်ပြေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၇၀ ၀န်း ကျင်က ကုန်းလမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်းလိုင်းတွင် အမျိုး သမီးယာဉ်နောက်လိုက်များ တရားဝင်လိုင်စင်ဖြင့် အလုပ်လုပ်ကိုင်ဖူးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

Author: အိမွန်ကျော်
7DAY DAILY