ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦး၏ ပိုင်ဆိုင်မှုများ စုံစမ်းစစ်ဆေးမည်

ပို့စ်တင်ချိန် - 6/07/2014 06:29:00 PM


ဘန်ကောက်၊ ဇွန် ၆

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦး၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရန် ထိုင်းအမျိုးသား လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က ဆုံးဖြတ်လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ယင်းလပ် အစိုးရလက်ထက်တွင် ပြဿနာများ ဖြစ်ပွားခဲ့ပြီး လာဘ်စားမှုများဖြင့် စွပ်စွဲခံခဲ့ရသော လယ်သမားများထံမှ အစိုးရက ဆန်ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦး၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအမျိုးသား လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) အဖွဲ့ဝင် ကိုးဦးတွင် တစ်ဦးဖြစ်သူ နာရောင်ရာ သန်မာရစ်ကို အဆိုပါကိစ္စ စုံစမ်းစစ်ဆေးရန် ကော်မတီခွဲ ဖွဲ့ရန် တာဝန်ပေးလိုက်ကြောင်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းလပ်နှင့်အတူ ပိုင်ဆိုင်မှုများကို စစ်ဆေးခံရသူများမှာ ယင်းလပ်၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးသုံးဦးနှင့် လက်ထောက် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့ ပါဝင်သည်။

ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် ဆန်စပါး ဝယ်ယူသည့် ကိစ္စတွင် အလွဲသုံးစားမှုဖြင့် တရားစွဲဆိုရန် မေလ အစောပိုင်းက ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

NACC ၏ ဆုံးဖြတ်ချက်ကို ထိုင်းဆီးနိတ် လွှတ်တော်က လက်ခံ၍ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်အနေနှင့် နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခံရမည် ဖြစ်သည်။

ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို တာဝန်ပေါ့လျော့မှုဖြင့်လည်း စုံစမ်းစစ်ဆေးလျက် ရှိသည်။

ထို့အတူ ထိုင်းအစိုးရ ဆန်ဝယ်ယူရေး ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦးအပြင် အခြားဝန်ကြီးဟောင်း ငါးဦးကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ထိုင်းအမျိုးသား လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် လက်ထောက် အထွေထွေအတွင်းရေးမှူး ဝိုရာဝစ်ဆူဘွန်းက ပြောကြားသည်။

ယင်းလပ်အစိုးရ၏ ဝန်ကြီးများ ဖြစ်သော ဒုတိယဝန်ကြီးချုပ် သုံးဦး၊ ဘဏ္ဍာရေးဝန်ကြီး ကစ်တီရန်နာရာနောင်နှင့် လူမှုဖွံ့ဖြိုးရေးနှင့် လူသားဘဝ လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဆန်တီပရွန်ဖတ်တို့ ငါးဦးကို ၎င်းတို့၏ ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဇွန်လ ၂၀ ရက်နေ့ မတိုင်မီ နောက်ဆုံးထား၍ ပေးပို့ရန် NACC က အမိန့်ထုတ်ပြန်ထားသည်။

the voice weekly