စားသုံးဆီ စစ်၊ မစစ်နှင့် အစားအသောက်ထဲ ဆိုးဆေး ပါ၊ မပါ ငွေပေးစစ်နိုင်ပြီ

ပို့စ်တင်ချိန် - 6/20/2014 05:01:00 PM


ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ စားသုံးဆီတွေ စားသုံးဖို့ သင့်၊ မသင့်နဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ ပါ၊ မပါ စတာတွေကို အခကြေးငွေယူပြီး စိစစ်ပေးတော့မယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ကြေညာပါတယ်။

စားသုံးဆီတွေကို ဆီအရည်အသွေးအမျိုးအစားနဲ့ စားသုံးဖို့ သင့်၊ မသင့် စစ်ဆေးဖို့အတွက် ဆီနမူနာ ၂ လီတာ ပေးရမှာ ဖြစ်ပြီး စစ်ဆေးခ ကျပ် ၃ သောင်း ပေးသွင်းပြီး ၇ ရက်အတွင်း အဖြေသိရမယ်လို့ ဆိုပါတယ်။

အစားအသောက်တွေအတွက်ကတော့ ပလတ်စတစ်အိတ်ထဲ သန့်ရှင်းစွာ ထည့်ပြီး ဓာတ်ခွဲခန်းကို ၂ နာရီအတွင်း ပေးပို့ရမှာ ဖြစ်ပြီး စစ်ဆေးခ ကျပ် ၁ သောင်းပေးသွင်းပြီးရင် အဖြေကို ၅ ရက်အတွင်း ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်စည်ပင်ဟာ ပုဂ္ဂလိကလုပ်ငန်းတွေက ဘတ္တရီလုပ်ငန်း၊ ဆေးမှုတ်လုပ်ငန်း၊ အလှကုန်နဲ့ ဓာတုပစ္စည်းဆိုင်က ၀န်ထမ်းတွေကို ခဲဆိပ် သင့်၊ မသင့်လည်း စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။


DVB Burmese