စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ

ပို့စ်တင်ချိန် - 6/14/2014 01:39:00 PM


ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် လူသေ အလောင်း တစ်လောင်းကို ဒေသခံ ရွာသားများမှ တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းအလောင်းအား စစ်တွေမြို့နယ် ဆတ်ရိုးကျချောင်း အနီးရှိ သာယာကုန်းရွာ(အရှေ့ဘက်) တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သေဆုံးသူမှာ ကျောက်တော်မြို့နယ်မှ ဖြစ်ကြောင်း စစ်တွေ အမှတ်(၂) ရဲစခန်းမှ စခန်းမှူး ဦးကျော်သာမောင်က သူကနိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ကျောက်တော်မြို့နယ် ဇနိမ့်ချောင်းကျေးရွာမှ (ဘ) ဦးထွန်းမောင် (အမိ) ဒေါ်လှလှတို့ရဲ့သား မောင်သန်းထွန်း အသက်(၂၆)နှစ်ဖြစ်ပါတယ်။ စကားမပြောတတ်သူ တစ်ဦး ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။”

သေဆုံးသူ မောင်သန်းထွန်းသည် ဇွန်လ ၁၀ ရက်နေ့က  ကျောက်တော်မှ စစ်တွေသို့ ကျောက်စရစ်ခဲများ လာပို့စဉ် ရေထဲကျသွားခဲ့ခြင်း ဖြစ်ဟန်တူကြောင်း စခန်းမှူး ဆက်လက် ပြောဆိုသည်။

“ ဘယ်နေရာမှာ ဘယ်လိုကျန်နေခဲ့ပြီး ဘယ်လိုသေဆုံးမှန်းတောမသိဘူး။ ကျနော်ကို ဇွန်လ ၁၂ရက် ညနေ(၃) နာရီလောက်မှာ စစ်တွေ သာယာကုန်းရွာ(အရှေ့ဘက်) အုပ်ချုပ်ရေးမှူးမှ ကျနော်တို့ ရွာချောင်းမှာ လူသေအလောင်း တစ်လောင်းတွေ့ရတယ်လို့ လာအကြောင်းကြားတယ်။ လိုက်သွားတော့ အဲဒီအလောင်းကို တွေ့ရတာပါဘဲ” ဟု ဆိုသည်။

ခန္ဓာကိုယ်မှာတော ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရဟု သူက ဆက်ဆိုသည်။

သာယာကုန်းရွာ အုပ်ချုပ်ရေးမှုအားဆက်သွယ်မေးမြန်းရာ အလောင်းအား တွေ့ရှိခဲ့ပုံကို သူက ယခုလိုပြောသည်။

“ကျနော်တို့ရွာနားကို လူသေလောင်းတစ်လောင်းမျှောပါလာတာကို ရွာသားတွေကမြင်တော့ ကျနော်ကိုလာအကြောင်းကြားပါတယ်။ ကျနော်သွားကြည့်တော့ ခန္ဒာကိုယ်ကဖူးရောင်နေပြီး မျက်နှာကိုလည်း မမှတ်မိတောဘူး။ မျက်နှာမှာ ကဏန်းတွေ ငါးတွေစားထားလို့ ရုပ်ကပျက်နေပါပြီး ဒါကို ကျနော်က အမှတ်(၂) ရဲစခန်းကို အကြောင်းကြားပါတယ်။ ရဲကတော့ ချက်ချင်းလိုက်လာပြီး စစ်ဆေးမူတွေ ပြုလုပ်ပါတယ်”ဟုဆိုသည်။

သေဆုံးသွားသူ မောင်သန်းထွန်း၏ အမူအား စစ်တွေအမှတ်(၂) ရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ခိုင်ခိုင်ဇံ
Narinjara