တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၂၂ ဦး သေဆုံး

ပို့စ်တင်ချိန် - 6/04/2014 03:05:00 PM


တရုတ်နိုင်ငံ အနောက်တောင်ဘက် ချုံချင်းမြို့တော်စည်ပင်ဒေသက ကျောက်မီးသွေး တူးဖော်ရေးတွင်းမှာ ဇွန် ၃ ရက်နေ့က ဓာတ်ငွေ့ပေါက်ကွဲမှုတရပ် ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ တွင်းသားအားလုံးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ရယူနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဝမ်ရှန်းခရိုင် ယန်ရှိတိုင်း ကျောက်မီးသွေးတွင်းမှာ ညနေ ၅ နာရီ မိနစ် ၄၀ လောက်က မတော်တဆမှု ဖြစ်ခဲ့တာလို့ ချုံချင်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးရဲ့ ကျောက်မီးသွေးတွင်း ဘေးကင်းရေးဌာနက ဆိုပါတယ်။

ဒဏ်ရာရ တွင်းသားတဦးက လုပ်ငန်းစဉ်အတွင်း ဓာတ်ငွေ့ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတော့ ဆိုးဆိုးရွားရွား တခုခုတော့ ဖြစ်ပြီလို့ သဘောပေါက်လိုက်အတွက် မီးခိုးတွေ ထွက်လာတဲ့နေရာကနေ ထွက်ပြေးလွတ်လာခဲ့တာလို့ ပြောပါတယ်။

ဒဏ်ရာရသူ ၂ ဦးကို ဆေးကုပေးနေတဲ့ ဒေသခံဆေးရုံ ဆရာဝန်တွေက တွင်းသားတွေဟာ တွင်းထဲက ထွက်ပြေးလာတုန်း အပူလောင်တာနဲ့ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်တာတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ မတော်တဆမှု နောက်ဆက်တွဲ ကိစ္စရပ်တွေကို ကိုယ်တွယ် ဖြေရှင်းရင်း မတော်တဆမှု ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ဒီကျောက်မီးသွေးတွင်းကို အစိုးရပိုင် နန်တုံ သတ္တုတွင်း ကုမ္ပဏီက ပိုင်ပြီး ချုံချင်းပြည်နယ်ရဲ့အကြီးဆုံး ကျောက်မီးသွေးတွင်း ဖြစ်ပါတယ်။

dvb burmese