တပ်ကသိမ်းထားတဲ့ ဖရူးဆိုး လယ်မြေ ဧက ၂၀၀ နီးပါးကို အာဏာပိုင်တွေ ယာယီပြန်ပေး

ပို့စ်တင်ချိန် - 6/28/2014 11:31:00 AM


 ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်ကသိမ်းထားတဲ့ မြေတွေထဲက ဧက ၂၀၀ နီးပါးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အခမ်းအနားကျင်းပပြီး ဒေသခံတောင်သူ ၇၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်လက်မှတ်တွေ ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပြန်ရခဲ့တဲ့ မာခရော်ရှေ့ကျေးရွာက တောင်သူ ဦးသဲရယ်က ဒီလိုပြန်ပေးတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ယာယီချပေးတဲ့ ဒီပုံစံ ၃ အပေါ်မှာတော့ လုံးဝလုပ်ပိုင်ခွင့်အဆင့် နောက်ဆုံးအဆင့်အထိ ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်၊ ယာယီလောက်ပဲပေးတယ်ဆိုတော့ နားလည်တဲ့လူတစ်ယောက်အနေနဲ့တော့ မလုံလောက်သေးဘူးလို့ ကျနော်မြင်တာပေါ့နော်၊ အပြီးအပိုင်ပြည်သူလူထုလက်ထဲ ပေးတယ်ဆိုတာ ဒီနေ့ဒီအချိန်မှာပဲ ပေးခိုင်းစေချင်တာ"

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ဆိုပြီး မာခရော်ရှေ့၊ လောဂျာ၊ ဒေါလောခူ၊ လောခူ့ခူ စတဲ့ ကျေးရွာ ၅ ရွာက စားကျက်မြေ၊ သစ်တောမြေနဲ့ လယ်ယာမြေဧက ၃ထောင်ကျော်ကို စစ်တပ်က သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းခဲ့တဲ့လယ်တွေထဲက လယ်မြေတချို့ကို တောင်သူတွေထံ ယာယီလုပ်ပိုင်ခွင့်ပြန်ပေးတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီကနေ့ လယ်ယာမြေပြန်လည်ပေးအပ်ပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ဖရူဆိုမြို့နယ် လယ်ယာမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနဲ့ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese