ဖခင်ဖြစ်သူရဲ့ ပုံကို ကျောမှာ တက်တူးထိုးထားတဲ့ အနဂ္ဂ

ပို့စ်တင်ချိန် - 6/11/2014 01:08:00 PM


အနဂ္ဂက သူ့ရဲ့ကျောဘက်မှာ ဖခင်ဖြစ်သူ ဦးမင်းမင်းလတ် ရဲ့ မျက်နှာပုံတူကို တက်တူး ထိုးထားပါတယ်။ ဦးမင်းမင်းလတ်က အနဂ္ဂ အသက် ၁၇နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။ ဖခင် ဖြစ်သူ ဆုံးဆုံး ပြီးချင်းမှာပဲ ဖခင်ဖြစ်သူရဲ့ မျက်နှာပုံတူကို ကျောဘက်မှာ တက်တူး ထိုးဖြစ်ခဲ့ပြီး ဒီပုံကို မြင်တော့ မိခင်ဖြစ်သူက မျက်ရည် ဝဲကြောင်း အနဂ္ဂက ပြောပါတယ်။

“ကျွန်တော် တက်တူးစထိုးတုန်းက တက်တူးတွေ ခေတ်မစားသေးဘူး။ တက်တူးဆိုင်တွေ ကလည်း ၁၉၉၈ ခုနှစ်လောက်မှ စဖွင့်တယ်။ အဲဒီအရင်တုန်း ကလည်း ဖွင့်ကြ တာရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သိပ်မထိုးကြသေးဘူး။ ရန်ကုန် မှာတောင် လူနည်းစုလောက် ပဲရှိသေးတယ်။ အဲဒီတုန်းက တက်တူး ထိုးရင် လူဆိုး၊ လူမိုက်၊ လမ်းသရဲ ဆိုပြီး သတ်မှတ် ထားကြတာလေ။ ကျွန်တော့် အနေနဲ့ကလည်း ကျွန်တော့် အဖေပုံမှ မထိုးရင် တခြားပုံတွေ ထိုးလို့ ရမှာမဟုတ်ဘူး ဆိုတာ သိတယ်။

 နောက်တစ်ခု က တက်တူး ဆိုတာက ကိုယ်နဲ့ အတူ သေတဲ့အထိ အတူတူ ရှိနေမယ့် အရာလေ။ တက်တူး ထိုးပြီးမှ ဟိုပုံပြောင်းချင်လို့ ဒီပုံပြောင်းချင် လို့ ဆိုပြီး ပြောင်းလို့ရ တဲ့အရာလည်း မဟုတ်ဘူးလေ။ ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ အမည်းစက် အကြီးကြီး ထင်နေတာပေါ့။ ဒါကြောင့် မထိုးခင်မှာ ပြန်စဉ်းစားတယ်။ ကိုယ့် ဘဝ အတွက် ဘာအရေးကြီးဆုံး လဲ ဆိုတာပေါ့။ အဲဒီလို စဉ်းစားပြီး တော့မှ ထိုးမယ့်ပုံကို ရွေးချယ်ခဲ့တယ်” လို့ ကျောဘက်မှာ ဖခင်ဖြစ်သူရဲ့ ပုံကို ထိုးဖြစ်ခြင်း နဲ့ပတ်သက်ပြီး အနဂ္ဂက ပြောပါ တယ်။ တက်တူး ထိုးပြီးပြီးချင်း မှာ နောက်ထပ် ပုံတွေကို ဆက်ပြီး ထိုးချင်စိတ်တွေ ဖြစ်ပေါ်လာ မှာဖြစ် ကြောင်း ၁ဝနှစ်လောက် ကြာတဲ့ အချိန်မှာတော့ ထိုးထားပြီးသား တက်တူးပုံတွေကို ပြန်ဖျက်ချင်တဲ့ စိတ်တွေ ပေါ်လာ မှာဖြစ်ကြောင်း ဒါဟာ တက်တူးရဲ့ယဉ်ကျေးမှု ပဲဖြစ်ကြောင်း အနဂ္ဂက ပြောပါတယ်။

“မြန်မာ့ ဆေးမင်ကြောင်တောင် သမိုင်းတစ်လျှောက် လက်ခံခဲ့တာပဲ။ အခုမှ လက်ခံတယ်၊ လက်မခံဘူး ဆိုတာကို ပြောနေရင်တော့ အမြင်ကျဉ်းပါတယ်။ ထိုးကွင်းတွေ ထိုးရင်တော့ လမ်းသရဲ ဆန်တာပဲလား။ ထိုးကွင်း ကလည်းမြန်မာ့ယဉ် ကျေးမှုထဲမှာ ပါနေတာပဲလေ။ တက်တူးကို ဒီဘက်ခေတ်မှာ စုတ်နဲ့ ထိုးတာမျိုးတွေ မရှိတော့တဲ့ အတွက် တအား သက်သာသွားတယ်လို့ ထင်ပါတယ်။ စုတ်နဲ့ထိုးတုန်းက ဆိုရင်တုတ်ချောင်းပေါ်မှာ အပ်ကို သရေကွင်း အထပ်ထပ်နဲ့ ချည်ပြီးထိုးရတယ်။ ရိုးရိုး တန်းတန်း နဲ့တော့မတူဘူး။ ဘဝမေ့ သွားလောက်အောင်ကို နာတာ။ အခုခေတ် တက်တူးနဲ့တော့ အများကြီး ကွာပါတယ်။ နောက်ထပ် တစ်ခုက အဲဒီထိုး နည်းက ရိုးရာ ဆေးမင်ကြောင်ပါ။

လူငယ်တွေ အကုန် လုံးအခုခေတ်မှာ ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ တက်တူးထိုးဖို့ စတပ်ထိုးဖို့က ခေတ် တွေအများကြီး မစောင့် လိုက်ရဘူး။ ချက်ချင်း နီးပါး ဖြစ်သွားတယ်။ ဒါပေမဲ့ ပညာတတ် တွေရဖို့ကတော့ ခေတ်တွေ အများကြီးကြာအောင် စောင့်ရတယ် ဆိုတော့ တက်တူး ထိုးသလိုပဲ ပညာတွေကို လည်း ရှေ့ကနေ ဦးစီး ဦးဆောင်လုပ်ကြပါ လို့ပြောချင်ပါတယ်” လို့ တက်တူးထိုးခြင်းနဲ့ ပတ်သက်ပြီး အနဂ္ဂက သူရဲ့အမြင်ကိုပြောပါတယ်။

Credit : Popularmyanmar