ဒေါ်အောင်ဆန်းစုကြည်၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲအပြီး ၁၀ ရက် အကြာတွင် အောင်ပင်လယ်အားကစားကွင်းအား မန်းစည်ပင်က အုတ်တံတိုင်းကာရံမှု ပြုလုပ်

ပို့စ်တင်ချိန် - 6/01/2014 12:35:00 PM


(ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲများပြုလုပ်ခဲ့သည့် အောင်ပင်လယ်အားကစားကွင်းအား အုတ်တံတိုင်းကာရံနေမှုကို တွေ့ရစဉ်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအပြီး ၁ဝ ရက်အကြာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည့် မန္တလေး အောင်ပင်လယ်အားကစားကွင်းအား စည်ပင်သာယာက အုတ်တံတိုင်းကာရံမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ်အားကစားကွင်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မေ ၂၉ ရက်မှ စတင်ကာ အုတ်တံတိုင်းကာရံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အုတ်တံတိုင်းများ ကာရံနေသည့် အောင်ပင်လယ်အားကစားကွင်းမှာ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အဆိုပါ ကွင်းအတွင်း၌ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယခု ၂ဝ၁၄ ခုနှစ်၊ မေ ၁၈ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)ပါ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည့်နေရာ ဖြစ်သည်။

“အောင်ပင်လယ်အားကစားကွင်းကို အုတ်တံတိုင်း ကာရံနေတယ်ဆိုတာ ကျွန်တော်မသိရသေးပါဘူး။ ကျွန်တော့်ဆီကိုလည်း ဘာမှ လာမပြောသေးပါဘူး။ စည်ပင်သာယာမှာ ဌာနတွေက အများကြီးရှိပါတယ်။ တခြားဌာနက လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်ဌာနကိုတော့ မေးကြည့်လိုက်ပါဦးမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဌာနမှူး ဦးစိုးမိုးသိမ်းက ပြောကြားခဲ့သည်။

အဆိုပါ အောင်ပင်လယ်အားကစားကွင်းအား အုတ်တံတိုင်းကာရံနေမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးနှင့်အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနသို့သာ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့သည်။

အောင်ပင်လယ် အားကစားကွင်းအား စည်ပင်သာယာမှ အုတ်တံတိုင်းကာရံခြင်းဖြစ်ကြောင်းကို ယင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ် အားကစားကွင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် လူထုဟောပြောပွဲအပြီး ၁ဝ ရက်အကြာတွင် ယင်းကဲ့သို့ အားကစားကွင်းအား အလုံပိတ် အုတ်တံတိုင်းကာရံမှုကို စည်ပင်သာယာက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေး အောင်ပင်လယ်အားကစားကွင်းအတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲများ ကို ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလက ဟောပြောမှုများပြုလုပ်ခဲ့ရာတွင် လူဦးရေ သိန်းဂဏန်းဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပြီး ယခု ၂ဝ၁၄ ခု နှစ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲသို့ လူဦးရေ သုးံသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။



Eleven Media Group