တပ်မတော် အရာရှိနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲမှု ပလပ်ခံရ

ပို့စ်တင်ချိန် - 6/11/2014 01:05:00 PM


ဟင်္သာတ၊ ဇွန် ၁၀

အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ ရေဖြူစမ်းကွင်းတွင် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့် ခြံစည်းရိုးများကို မီးရှို့ ဖျက်ဆီးခဲ့သည့် အမှတ် (၅) တပ်မတော် တန်းမြင့်ကျောင်းက ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂၀ ကို ယင်းမြို့နယ် တရားရုံး၌ မေလ ၂၈ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ရာ ပလပ်ခံခဲ့ရကြောင်း တောင်သူ အဖွဲ့ခေါင်းဆောင် ဦးသန်းဌေးက ပြောကြားသည်။

တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းစပါးသီးနှံများ ရိတ်သိမ်းရတော့မည့် အချိန်တွင် အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းက ဗိုလ်မှူး ဇာနည်ထွန်းနှင့် တပ်မတော်သား ၂၀ ခန့်က မေလ ၁၄ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တွင် ယူနီဖောင်းများ ဝတ်ဆင်လျက် သီးနှံများကို ဖျက်ဆီးကာ ခြံစည်းရိုးများကို ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ယင်းကြောင့် မေလ ၂၈ ရက်နေ့က အင်္ဂပူ မြို့နယ်တရားရုံးတွင် တောင်သူဦးလှကျော်က တရားလို ပြုလုပ်၍ ဦးတိုက် လျှောက်ထားရာ မေလ ၃၀ ရက်နေ့တွင် ကွင်းကောက် နယ်မြေရဲတပ်ဖွဲ့စခန်းကို ပြန်လည် စစ်ဆေးခိုင်းခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြန်လည် တင်ပြချက်အရ ခိုင်လုံခြင်း မရှိဟုဆိုကာ ပလပ်ခံရသည်ဟု ၎င်းကပြောဆိုသည်။

တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့် ခြံစည်းရိုးများကို မီးရှို့ဖျက်ဆီးသည်ဟု ပြောဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ ဆီးပင်အခက်များကို ကာရံထားခြင်း ဖြစ်ကြောင်း၊ မိုးစပါးစိုက်ချိန် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းခြင်းသာ ရှိခဲ့ကြောင်း၊ ယင်းနေရာများတွင် တပ်မတော်က ၁၀ နှစ်ကျော် စိုက်ပျိုးလာ ခဲ့သည်ကို တောင်သူများ နားလည်အောင် ရှင်းပြခဲ့ကြောင်း၊ တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းစပါး များကိုလည်း ဧပြီလကုန်တွင် ရိတ်သိမ်းရန် ပြောခဲ့သည်ဟု အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးဇာနည်ထွန်းက ပြောကြားသည်။

“မြို့နယ်အဆင့် တာဝန်ရှိသူတွေ ဖြေရှင်းပေးပေမယ့် တောင်သူတွေက လက်မခံကြဘူး။ ဒါ့ကြောင့်လည်း တရားစွဲဆိုတဲ့ အဆင့်ထိ ဖြစ်လာတာပါ။ တောင်သူတွေကြောင့် သင်တန်းကျောင်း အနေနဲ့လည်း တစ်နှစ်ကို ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၃၀ လောက် နစ်နာခဲ့တာ ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသရှိ လယ်မြေ ၂၀၂ ဧကနှင့် ယာမြေဧက ၃၀၀၀ ကျော်ကို ၁၉၉၄- ၁၉၉၅ ခုနှစ်က အမှတ် (၆) တပ်မတော် လေ့ကျင့်ရေးကျောင်း (ယခု အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း) တည်ဆောက်ရန် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး သီးစားပြန်ချထား ခဲ့ကြောင်း ၂၀၁၂ ခုနှစ်တွင် တောင်သူများကို သီးစားလုပ်ကိုင်ခွင့် မပေးတော့သည့်အတွက် တောင်သူများက ၂၀၁၃ ခုနှစ်အတွင်း ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် ဗိုလ်မှူး ဇာနည်ထွန်းက အင်္ဂပူမြို့နယ် တရာရုံးတွင် တရားစွဲဆိုခဲ့ရာ ယင်းမြို့နယ် တရားရုံးတွင် ရုံးချိန်း ၃၀၊ ဟင်္သာတ ခရိုင်တရားရုံးတွင် ရုံးချိန်းငါးကြိမ်၊ တိုင်းတရားရုံးတွင် ရုံးချိန်းတစ်ကြိမ် စစ်ဆေးခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၂၀ ရက်နေ့က တောင်သူ ၂၇ ဦးကို အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းက အမှုပြန်လည် ရုပ်သိမ်းပေးခဲ့ကြောင်း ဦးသန်းဌေးက ပြောဆိုသည်။

The Voice Weekly