သမ္မတမိန့်ခွန်း၊ အမွှမ်းတင်မှုများနှင့် အဂတိတရား

ပို့စ်တင်ချိန် - 6/23/2014 09:03:00 AM


 နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းများအပေါ် အများပြည်သူလူထု၏ စိတ်ဝင်စားမှုသည် ဇောက်ထိုး နိမ့်ကျလျက်ရှိနေသည်။ သမ္မတကို အပြောကောင်းသူတစ်ဦး၊ ပုံပြောကောင်းသူတစ်ဦး၊ အပြောသက်သက် အလုပ်မပါတတ်သူတစ်ဦးအဖြစ် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုလျက်ရှိသည်။ သမ္မတအနေဖြင့်၊ မိန့်ခွန်းများကို အခါအားလျော်စွာပြောကြားခြင်းသည် ပြည်သူလူထုနှင့် ဆက်ဆံရေး တံတားထိုးခြင်းဖြစ်သော်လည်း မိန့်ခွန်းပါအကြောင်းအရာများသည် အောက်ခြေပြည်သူလူထုအတွက် ဟားစရာ၊ သရော်စရာများ ဖြစ်မနေရန် အထူးသတိပြုသင့်ကြောင်း အကြံပြုလိုပါသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်မှုဟု သမ္မတ၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းသည် ပကတိ အခြေအနေများနှင့် ကင်းလွတ်သော၊ သကာရည်ဖုံးထားသော မိန့်မှာစကားများဖြစ်နေခဲ့သည်။ အောက်ခြေပြည်သူလူထု အကြားတွင် ဟားတိုက်စရာ၊ လှောင်ပြောင်စရာစကားများ ဖြစ်နေခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လွန်ခဲ့သော သုံးနှစ်ကျော်ကာလ ဆောင်ရွက်ချက်များကို ဆန်းစစ်လျှင် အောက်ခြေပြည်သူအများစု၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပိုမိုဆိုးဝါးလာနေသည်မှာ သိသာမြင်သာသည်။ အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အပြင် မိသားစုများအနေဖြင့် စားဝတ်နေရေးစရိတ် နှင့် မိသားစုဝင်ငွေအကြား ဗျာများကာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေခဲ့ကြသည်။ ပြည်သူအများစုသည် ဆင်းရဲတွင်း နက်သထက် နက်နေဆဲဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခန်းမများထဲ ရောက်ရှိခဲ့သည်မှလွဲ၍  ကြီးကြီးမားမား ထူးခြားမှုမရှိဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သဖြင့် အစိုးရ၊ အာဏာရပါတီနှင့် အောက်ခြေပြည်သူလူထုအကြား မည်သည့်ဘက်က ပိုအကျိုးရှိသွားသည်ကို ယနေ့အချိန်တွင် ပြန်လည်သုံးသပ်သည်။ အောက်ခြေပြည်သူလူထုသည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်နေဆဲဖြစ်သဖြင့် သူတို့အတွက် အကျိုးမပြု ခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသာ ပိုအကျိုးများခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။

 ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းစာ နှင့် ဂျာနယ်များကို စိစစ်မှုမရှိ ထုတ်ဝေခွင့်ပြုခြင်းတို့ကို ရှားရှားပါးပါး တိုးတက်မှုများအဖြစ် သတ်မှတ်နိုင်သည်။ သတင်းမီဒီယာများအနေဖြင့် လွတ်လပ်ခွင့်ကို မြင့်မြင့်မားမားရလာခဲ့သည်။ သို့သော် သတင်းစာများ၊ ဂျာနယ်များကို ဖတ်နိုင်သောဦးရေသည် အကန့်အသတ် မြင့်မြင့်မားမားရှိသဖြင့် အောက်ခြေပြည်သူလူထုအကြား ထိုးဖောက်နိုင်မှုတွင် ထိရောက်မှုမရှိဟု ဆိုနိုင်သည်။ သို့ သော်ပြည်သူလူထုအများစုကြီးထံ အချိန်တိုအတွင်း ရောက်နိုင်မည့်  ရေဒီယို၊ အက်ဖ်အမ်ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းတို့ကို ခရိုနီများနှင့် အာဏာပိုင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများက လက်ဝါးကြီးအုပ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်လည်း ထူးမ ခြားနား၊ သောင်မတင်ရေမကျဟု ပင် သုံးသပ်နိုင်သည်။ ဆွေးနွေးရင်း မိုးကြီးချုပ်ကာ မိုးပြန်လင်းဦးမည့်ကိန်းဘက် ဦးတည်နေသည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း ထုတ်ပြန်နိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအထားဖြစ်သည်။ အစိုးရအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော ၂ နှစ် ကတည်းက နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ပြီး ယနေ့ဆိုလျှင် အတော်ပင် ခရီးပေါက်နေလောက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီးမိန့်ကြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် တိုးတက်နေသည်မှာ မည်သည့်အပိုင်းကဏ္ဍများကို ရည်ညွှန်းကြောင်း စနစ်တကျ ရှင်းပြနိုင်ရန် လိုအပ်မည်ဖြစ်သည်။

စီးပွားရေးအပိုင်းတွင်လည်း ခရိုနီများ၊ အာဏာပိုင်လက်ပါး စေလုပ်ငန်းရှင်များ၊ ကြားခံ ကိုယ်စားလှယ်များ စသည်တို့ပါဝင်သော လက်တစ်ဆုပ်စာ လူတစ်စုမှလွဲ၍ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်လျက်ရှိနေသည်။ ခရိုနီများနှင့်အာဏာရှင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများသည်  အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ခေါင်းစဉ်တပ်လျက်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်ရန် ကာကွယ်တားဆီးနေကြသည်မှာ အထင်အရှားဖြစ်သည်။ အမျိုးသားအကျိုးစီးပွား ကာကွယ်ခြင်းမဟုတ်၊ လက်တစ်ဆုပ်စာ ခရိုနီတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ကြခြင်းသာဖြစ်သည်။

စီးပွားရေးနှင့်ဆိုင်သော ဥပဒေများတွင် လွတ်လပ်မှု၊ တရားမျှတမှုများကို မြင်တွေ့ရသော်လည်း၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများတွင် တင်းကျပ်မှုများကို ထည့်သွင်းရေးဆွဲကာ  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းခရိုနီများ၊ အာဏာပိုင်နီးစပ်လုပ်ငန်း ရှင်များနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ရင်းနှီးမြှုပ်နှံရေးကို ပိုမိုဇောင်းပေးတတ်ကြသည်။ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများကြောင့် ပိုမိုကြွယ်ဝချမ်းသာလာ ကြသည်မှာ ခရိုနီများနှင့် အပေါင်းပါများသာဖြစ်သည်။ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှု နွံနစ်နေဆဲဖြစ်သည်။

အောက်ခြေပြည်သူလူထု၏ စီးပွားရေးအခြေအနေက အနုတ် ပြနေပြီး လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို မတားနိုင်၊ မဆီးနိုင်၊ အရေးမယူ နိုင်၊ ပိုင်ဆိုင်မှုများမသိမ်းဆည်း နိုင်သည်ကိုလည်း ထင်ထင်ရှား ရှားသတိပြုမိသည်။ အဂတိလိုက်စားမှုဥပဒေနှင့်အညီ အထက်မှ အောက်သို့ ပုံစံစနစ်တကျချဉ်းကပ် အရေးယူမှုများကို အုံနှင့်ကျင်းနှင့် မတွေ့ရှိရသည်မှာလည်း  အားမလို၊ အားမရဖြစ်ဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို ထိန်းကျောင်းနိုင်ရေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အသက်သွေးကြောတစ်မျှ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးကို ဖော်ဆောင်လျက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စစ်ဆေး၊ အရေးယူလာနိုင်မှသာ တိုင်းပြည်၏ စစ်မှန်သော အပြောင်းအလဲအတွက် အထောက်အကူပြုမည်ဖြစ်သည်။

မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာ အရေးယူခြင်း မရှိဘဲ အချင်းချင်းဖုံးမိပြီး ပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ သမာသမတ်ရှိစွာ ဆောင်ရွက်နိုင်ခြင်းသည် အစိုးရတစ်ရပ်ကို သိက္ခာရှိစေခြင်းဖြစ်ပြီး လွဲမှားသော အုပ်ချုပ်မှုလုပ်ရပ်များသည် အစိုးရ တစ်ဖွဲ့လုံးအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့ပြီး အကြည်ညိုပျက်စေနိုင်သည်ကို သတိပြုစေချင်ပါကြောင်း အဂတိကင်း ရှင်းရေးနှင့် ပတ်သက်၍ သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆို&သော် သမ္မတ၏မိန့်ခွန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တယားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်မှုဟူသည် အလွန်အကျွံအမွှမ်းတင်မှုပင်ဖြစ် သည်။ သမ္မတ၏ မိန့်ခွန်းများတွင် အခြေအနေမှန်ကို ကင်းလွတ် လျက် အလွန်အကျွံအမွှမ်းတင်မှု များသည် ပြည်သူလူထု၏ အစိုးရ အပေါ်ယုံကြည်မှုကို ကျဆင်းစေ သည်။ ပကတိအခြေအနေတွင် ကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများ၌ အရှိန်အဟုန်ရနေခြင်းသည် အောက်ခြေပြည်သူလူထုကို အကျိုးမပြုသည်မှာ အထင်အရှား ဖြစ်သည်။ အဂတိလိုက်စားမှု ကင်းရှင်းရေးတွင်လည်း သမ္မတအနေဖြင့် အထက်မှ အောက်သို့ စုံစမ်းစစ်ဆေး အရေးယူသည့် စနစ်ကို မဖော်ဆောင်နိုင်လျှင် ပြည်သူလူထု ရှေ့မှောက်တွင် အရေးယူစစ်ဆေးအပြစ်ပေးမှု မပြုနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မဟုတ်ပါ။ အောက်ခြေပြည်သူလူထုသည်ခေတ်ဆိုး၊ စနစ်ဆိုးကို နဖူးတွေ့၊ ဒူးတွေ့ဖြတ်သန်းခဲ့သူများ ဖြစ်သည့် အားလျော်စွာ အမွေဆိုးများ၊ အကျင့်ဆိုးမျာကို ကျော်လွှားနိုင်ရေးဦးဆောင်နိုင်မည့် အားကောင်းသော အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိနေသည်။ ထို့အတူပြည်သူလူထုသည် ပကတိအခြေအနေများနှင့် ကင်းလွတ်သော မိန့်ခွန်းများ၊ မှတ်ချက်များ၊ သုံးသပ်ချက်များကိုလည်း အချိန်မရွေး ဟားတိုက်ရယ်မော၊ လှောင်ပြောင်သရော်ရန် အဆင်သင့်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။     ။

By ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY