သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဟု မြန်မာသစ်တော ဒုဝန်ကြီးဝန်ခံ

ပို့စ်တင်ချိန် - 6/28/2014 11:30:00 AM


 မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတိုင်းမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က နယ်စပ်ဒေသတွေမှာ သစ်ခိုးထုတ်နေတာတွေကို ဟန့်တားကာကွယ်နိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ ချမှတ်ထားနိုင်တာ ရှိ၊ မရှိ မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"တရားမဝင် သစ်ခိုးထုတ်မှုပေါ်မှာ သစ်တောဦးစီးဌာနက တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သလို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပူပေါင်းပြီး ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ စစ်ကြောင်းများအပြင်နဲ့ နယ်မြေရှင်းလင်းခြင်းများကို ဆောင်းရွက်ပေးလျက်ရှိပါတယ်၊ သို့သော်လည်း နယ်မြေလုံခြုံရေးအရ လမ်းပမ်းဆက်သွယ်ရေး ခတ်ခဲပြီး အုပ်ချုပ်မှုအာဏာ ဥပဒေသက်ရောက်မှုနည်းတဲ့ နယ်စပ်ဒေသတွေမှာတော့ တရားမဝင်သစ်များ စီးဆင်းပြီးတော့မှ ဒီတရားမဝင်သစ်များအပေါ် ကာကွယ်တားဆီဖို့ကိုလည်း ကျနော်တို့ အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်"

ဒါ့အပြင် တည်ဆဲသစ်တောဥပဒေကိုလည်း ခေတ်စနစ်နဲ့ကိုက်ညီပြီး ထိရောက်မှုရှိစေမယ့် ပြစ်ဒဏ်တွေ တိုးမြှင့်ချမှတ်နိုင်အောင် ပြင်ဆင်ရေးဆွဲနေတယ်လို့ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ Global Forest Resources Assessment 2010 က ထုတ်ပြန် တဲ့ ဒေသအလိုက် နိုင်ငံတွေရဲ့ သစ်တောဖုံးလွှမ်းမှု စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံရဲ့ သစ်တော ဖုံးလွှမ်းမှု ဧရိယာဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ၅ဂ ရာခိုင်နှုန်းနီးပါးလောက်ရှိရာကနေ ၂၀၁၀ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းနီးပါးအထိ သစ်တောပြုန်းတီးနေတယ်လို့ သိရပါတယ်။

RFA Burmese