တားမြစ်ဆေး သုံးသူများအား ဆုတံဆိပ်သိမ်းသော်လည်း ဆုကြေးငွေ မသိမ်းမှုအပေါ် အားကစားသမားများဝေဖန်

ပို့စ်တင်ချိန် - 6/13/2014 10:18:00 AM



ရန်ကုန်၊ ဇွန် ၉

ဆီးဂိမ်းပြိုင်ပွဲတွင် တားမြစ်ဆေး သုံးစွဲမှုကြောင့် ရွှေတံဆိပ်ဆု ပြန်လည် သိမ်းယူခဲ့မှုများ ရှိသော်လည်း ဆုကြေးငွေများကိုမူ ပြန်လည် သိမ်းဆည်းမှု မရှိသည့်အတွက် မျိုးဆက်သစ် အားကစားသမားများကို တားမြစ်ဆေး သုံးစွဲမှုနှင့် ပတ်သက်၍ အားပေးရာ ရောက်သည်ဟု လက်ရွေးစင် ကစားသမားဟောင်း များက ဝေဖန် လျက်ရှိသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ကီလိုမီတာ ၂၀ အမြန် လမ်းလျှောက်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့သည့် စောမာလာနွယ်နှင့် ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် မင်းဇော်ဦးတို့မှာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ရွှေတံဆိပ် ပြန်လည် သိမ်းယူခံရသော်လည်း ဆုကြေးငွေ ပြန်လည်သိမ်းဆည်းခြင်း မရှိခြင်းအပေါ် ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အားကစားသမားအချို့ တားမြစ်ဆေး သုံးစွဲမှုနှင့် ပတ်သက်၍ အရှေ့တောင်အာရှ ရွှေတံဆိပ်ဆုရ ပြေးခုန်ပစ် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်သီဟက ““ဒီဆေးကျတဲ့ ကစားသမားတွေကို ရွှေတံဆိပ် ပြန်သိမ်းပြီး ဆုငွေပြန် မသိမ်းဘူးဆိုတာ နောက်လာမယ့် ကစားသမားတွေကို သုံးဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ ဆေးဆိုတာက ချက်ချင်း မပေါ်ဘူးလေ။ နောက်နှစ် တွေမှာလည်း ဒီက ကစားသမားတွေက ဒီလိုပဲ ပြိုင်ခဲ့မယ်ဆိုရင် ရွှေကတော့ ရနေမှာပဲ၊ ပြီးတော့မှ ပြန်အပ် လိုက်မယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ အရှက်ရတာပေါ့။ ဒီလိုမျိုး လုပ်တာက နောက်လာမယ့် ကစားသမားတွေကို အဟန့် အတား လုပ်တာမဖြစ်စေဘဲ အားပေးရာရောက်တဲ့ သဘောဖြစ်နေတာပေါ့””ဟု ဝေဖန် ပြောကြားခဲ့သည်။

အဆိုပါ ကစားသမားများ တားမြစ်ဆေးသုံးစွဲမှုမှာ သက်ဆိုင်ရာ နည်းပြဆရာများ၏ ကြီးကြပ်မှုများ အားနည်းခြင်းနှင့် တာဝန် ပေါ့လျော့မှုများကြောင့် ဖြစ်သည်ဟု ယခင်ပြေးခုန်ပစ် အဖွဲ့ချုပ် လမ်းလျှောက် နည်းပြဆရာဟောင်း တစ်ဦးဖြစ်သူ ဦးသောင်းထွန်းက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ရွှေတံဆိပ်ဆုရရှိသူများကို ရွှေတံဆိပ်တစ်ခုလျှင် ကျပ်သိန်းသုံးရာ ချီးမြှင့်ခဲ့ပြီး အားကစားဝန်ကြီးဌာနမှလည်း ရွှေတံဆိပ်တစ်ခုလျှင် ကျပ်သိန်းတစ်ရာ ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်အနေဖြင့် ကစားသမားများ တားမြစ်ဆေး သုံးစွဲမှုနှင့် ပတ်သက်၍ ကြပ်မတ် သင့်ကြောင်းကို ပြေးခုန်ပစ် အဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးစောရန်နီက ““တကယ်တမ်းကျရင် ရွှေတံဆိပ် သိမ်းရင် ဆုကြေးတွေလည်း ပြန်သိမ်းဖို့ သင့်တာပေါ့နော်။ ခုကတည်းက ဆေးမအောင်ရင် ရွှေတံဆိပ်ရော ဆုကြေးရော ပြန်အပ်ရမယ်ဆိုတဲ့ မူချထားရင် ပိုကောင်းတာပေါ့။ ကစားသမားတွေအတွက် ကန့်သတ်ထားတဲ့ ပုံစံမျိုးဖြစ်အောင် မသုံးဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ မူမျိုး ချထားသင့်တာပေါ့။ အခုက အဲဒီမူလည်း မရှိဘူး။ နောက်ပြီး ၅ လလောက်လည်း ကြာပြီဆိုတော့ ဆုကြေး ပြန်တောင်းဖို့ ကျတော့လည်း မလွယ်တော့ဘူးလေ။ အဲဒီမူကိုချပြီး ကစားသမားတွေအားလုံး လက်မှတ်ထိုးပြီးသွားရင် ဒါမျိုးကို လုပ်ရဲမှာလည်း မဟုတ်တော့ ဘူးပေါ့”” ဟု ပြောသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်