စီရော်နယ်ဒိုကို တားဆီးရန် အထူးပြင်ဆင်ထားခြင်းမရှိဟု ပိုဒေါလ်စကီး ပြောကြား

ပို့စ်တင်ချိန် - 6/15/2014 04:19:00 PM


အောင်ငြိမ်းသွေး
ဘရာဇီး၊ ဇွန် ၁၅
ပေါ်တူဂီနှင့်ယှဉ်ပြိုင်ရမည့် ပွဲစဉ်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား စီရော်နယ်ဒိုကို တားဆီးနိုင်ရန် အထူးပြင်ဆင် ထားခြင်းမရှိကြောင်း ဂျာမနီအသင်း၏ တိုက်စစ်ကစားသမား ပိုဒေါလ်စကီးက ပြောဆိုလိုက်သည်။
ပေါ်တူဂီအသင်းနှင့် ဂျာမနီအသင်းတို့သည် ယနေ့ည ၁၀ နာရီခွဲတွင် အရီနာဖွန်တီနိုဗာကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ စီရော်နယ်ဒိုသည် မူလက ဒဏ်ရာများဖြင့် ရုန်းကန်နေရသည့်အတွက် ထိုပွဲစဉ်တွင်ပါဝင်နိုင်ရန် သေချာခြင်း မရှိခဲ့သော်လည်း အချိန်မီပြန်လည်သက်သာလာခဲ့သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက အထူးခြေစွမ်းပြခဲ့ပြီး ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက်လည်း ဆွီဒင်နှင့်ဒုတိယအကျော့ Play off ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့်စီရော်နယ်ဒိုသည် ပြိုင်ဘက်များအတွက် အထူးသတိထားရမည့်သူဖြစ်သော်လည်း ဂျာမနီအသင်းက ၎င်းအတွက် အထူးပြင်ဆင်ထားခြင်းမရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ပိုဒေါလ်စကီးက “ကျွန်တော်တို့အသင်းဟာ ပေါ်တူဂီအသင်းနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေတာပါ။ ကစားသမားတစ်ဦးတစ်ယောက် အတွက် လေ့ကျင့်ပြင်ဆင်နေတာ မဟုတ်ပါဘူး။ စီရော်နယ်ဒိုဟာ အလွန်ထူးချွန်တဲ့ကစားသမားပါ။ ကျွန်တော်တို့အတွက် အလွန်အန္တရာယ်ရှိတဲ့ ကစားသမား ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ အသင်းပါ။ ကိုယ့်အသင်းရဲ့ပုံစံအတိုင်းအကောင်းဆုံးကစားနိုင်ခဲ့မယ်ဆိုရင် ဒီပွဲကို အနိုင်ရပါလိမ့်မယ်” ဟု ပြောသည်။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည့် ပိုဒေါလ်စကီးက ပေါ်တူဂီနှင့်ပွဲတွင် စံချိန်တင် ဂိုးရလဒ်ရရှိအောင်ကစားမည်ဟုလည်း ဆိုခဲ့သည်။ “အခုအချိန်မှာ အုပ်စုကနေ တက်ရောက်နိုင်ဖို့ အာရုံစူးစိုက်ထားပါတယ်။ ပေါ်တူဂီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ဒါပေမယ့် ဒီပွဲစဉ်မှာ စံချိန်တင် ဂိုးရလဒ်နဲ့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ” ဟု ပြောသည်။
ထို့အပြင် ၎င်းက ဘရာဇီးနိုင်ငံ၏အပူချိန်ကြောင့် တစ်ပွဲလုံးပြေးလွှားကစားနေရန် မဖြစ်နိုင်သည့်အတွက် ပါးပါးနပ်နပ်ဖြင့် အင်အားကို ချွေတာကစားရန် အသင်းဖော်များအား တိုက်တွန်းခဲ့သည်။
ရည်ညွှန်း ဂိုး
Ref: goal


Mizzima Sport News