မျက်မမြင်တွေနှိပ်တဲ့ ရိုးရာအနှိပ်ဝန်ဆောင်မှု ဈေးကွက်ထိုးဖောက်ပြီလား

ပို့စ်တင်ချိန် - 6/05/2014 09:29:00 AM



အကြောတက် ညောင်းညာတာ၊ ကိုယ်လက်မအီမသာဖြစ်တာကနေ လေဖြတ်တဲ့ဝေဒနာ၊ အညောညပ်၊ မီးယပ်ဒူလာ ခံစားနေရသူတွေအတွက် မျက်မမြင်တွေရဲ့ ရိုးရာအနှိပ်ပညာက မရှိမဖြစ်ပါ။ ဂျပန်-မြန်မာ အနှိပ်ပညာကိုပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးနေတဲ့ မျက်မမြင်အနှိပ်ခန်း ဘာ့ကြောင့် ပေါ်လာတာလဲ။

သူတို့ဆိုင်ရဲ့ ထူးခြားချက်က ဆိုင်မှာ အနှိပ်ပညာနဲ့ ဝန်ဆောင်မှုပေးတဲ့သူအားလုံးဟာ မျက်မမြင်တွေဖြစ်ပြီး ကျီးပေါင်းတက်တာ၊ လေဖြတ်နဲ့ လက်ပြင်ညပ်တာတွေကို ပျောက်ကင်းအောင် အနှိပ်ပညာနဲ့ ကုသပေးနေတယ်လို့ Perfect Blind Massage က ရှင်းပြပါတယ်။

လုပ်ငန်းစတင်တဲ့အချိန်မှာ အနှိပ်ပညာရှင်တွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးခဲ့ရသလို ဈေးကွက်ထိုးဖောက်နိုင်ဖို့ ဂျပန်-မြန်မာအနှိပ်ပညာနှစ်ခုကို ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။ Perfect Blind Massage ဟာ စမ်းချောင်းလမ်းနဲ့ အရှေ့ကုန်းလမ်းထောင့်မှာ တစ်ဆိုင်ရှိသလို ကျောက်မြောင်း ကျားသစ်ရပ်ကွက်က မလွှကုန်းလမ်းမှာလည်း တစ်ဆိုင်ရှိပါတယ်။

အမျိုးသားနဲ့အမျိုးသမီး မျက်မမြင်အနှိပ်ပညာရှင်တွေနဲ့ အနှိပ်ခံမယ်ဆိုရင် ၄၅မိနစ်ကနေ ၃နာရီအထိ Section ခွဲခြားထားပြီး ၄၅မိနစ်အတွက် ၃၅ဝဝ၊ တစ်နာရီကို ၄ဝဝဝနဲ့ တစ်နာရီခွဲကို ၆ဝဝဝ သတ်မှတ်ထားပါတယ်။ မျက်မမြင်ဝန်ထမ်းတွေအတွက် နေထိုင်စားရိတ်စီစဉ်ထားပြီး နှိပ်ခရဲ့ ၃ပုံတစ်ပုံကို ခံစားခွင့်ရှိတယ်လို့ ဆိုပါတယ်။

မွေးကတည်းက မျက်စိကွယ်ခဲ့တဲ့ ကိုအေးသန်းကတော့ မျက်မမြင်ကျောင်းမှာ အနှိပ်ပညာ သင်ယူကာစက အခက်အခဲတွေ့ခဲ့ပေမယ့် အခုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီမို့ ဝမ်းသာကျေနပ်တယ်လို့ ဆိုပါတယ်။

အိမ်တိုင်ရာရောက် အနှိပ်ဝန်ဆောင်မှုပေးသလို မျက်မမြင်တွေကို အလုပ်ပေးနိုင်ဖို့အတွက် နောက်ထပ် ဆိုင်ခွဲတစ်ခုကို ရန်ကင်း ၁၂လုံးတန်းမှတ်တိုင်မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
Kamayut Media