မော်ဒန်ပန်းချီလောကကို ဦးဆောင်သူ ပန်းချီဆရာကြီး ခင်မောင်ရင် ကွယ်လွန်

ပို့စ်တင်ချိန် - 6/11/2014 01:05:00 PM


ရန်ကုန်၊ ဇွန် ၁၀

မြန်မာပန်းချီလောက၏ မော်ဒန် ပန်းချီလောကကို ဦးဆောင်သူ ပန်းချီဆရာ ခင်မောင်ရင် (အသက် ၇၆နှစ်) သည် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ၂၀၁၄ ဇွန် ၁၀ ရက်နေ့ ညနေ ၃ နာရီ ၂၄ မိနစ်တွင် လည်ချောင်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။

ဦးခင်မောင်ရင်၏ နာရေးကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန်တွင် သဂြုင်္ိဟ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“သူက နည်းနည်းထူးဆန်းတဲ့ ပုဂ္ဂိုလ်မျိုး၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ နှမြောဖို့ ကောင်းတာက သူကစကားကို ချိုချိုမပြောဘူး။ မာမာထန်ထန် ပြောတတ်ပေမယ့် သူ့ရဲ့အကြီးမားဆုံး အားသာချက်က လူတွေရဲ့စိတ်ကို ချမ်းသာအောင် ပျော်အောင် လုပ်ပေးတတ်တယ်။ ဒါကြောင့်လည်း စိတ်ညစ်တဲ့အခါ သူ့ကို သွားတွေ့ကြတယ်” ဟု ဗိသုကာ ပညာရှင် တစ်ဦးဖြစ်သည့် ဦးကြည်တွဲက ဆိုသည်။

မြန်မာ့မော်ဒန်ခေတ်ဦး ပန်းချီဆရာ ဖြစ်သည့် ဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်စက်မှု တက္ကသိုလ်မှ ဗိသုကာဘွဲ့ရရှိကာ ဘင်္ဂလားဒေ့ရှ်တွင် အလုပ်သွားရောက် လုပ်ကိုင်ရာက ရုပ်ရှင်ရိုက်လိုသည့် ဆန္ဒကြောင့် မြန်မာနိုင်ငံ ပြန်လာကာ ၎င်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်သည့် နှမလက်လျှော့ နေလေတော့ ရုပ်ရှင်ကားကို ရိုက်ကူး၍ ရုပ်ရှင်ဒါရိုက်တာအဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်ကစ၍ လူငယ်များ အင်္ဂလိပ်စာ တတ်မြောက်ရေးအတွက် အင်္ဂလိပ်စာ ဆရာအဖြစ် ၁၅ နှစ်ခန့် လည်းကောင်း လုပ်ကိုင်ခဲ့သည်။

ပန်းချီ ခင်မောင်ရင်၏ အသက် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ပန်းချီပြပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပခဲ့သည်။

ဆရာကြီး၏ လက်ရာများအနက် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားမှာ နိုင်ငံတကာတွင် ကျော်ကြားလျက်ရှိပြီး မြောက်ဥက္ကလာပ သန္တာလမ်းသွယ် (၁၁) တွင်နေထိုင်ခဲ့ကြောင်း ၎င်း၏ အနုပညာ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

The Voice Weekly