ဒူဘိုင်းတွင် ၁၆ နှစ် အရွယ် သမီးအား ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သော မိဘနှစ်ပါးအား ထောင်ဒဏ်ချမှတ်

ပို့စ်တင်ချိန် - 6/30/2014 02:16:00 PM





မိဘအရင်းဖြစ်လျက် ၁၆ နှစ် အရွယ် ၎င်းတို့သမီးငယ်၏ ကာမကို ရယူရန် DH 16000
 ပေးကား ကမ်းလှမ်းလာသည့် စီးပွားရေးသမားတစ်ဦးထံသို့ သမီးငယ်အား အဓမ္မထိုးအပ်
ကာ ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သည့် ထိုမိဘနှစ်ဦးလုံးကို ထောင်ဒဏ်ချမှတ်လိုက်သည်။ (DH ~ UAE ငွေကြေး၏ အတိုကောက် အမည်။ 1 DH လျှင် အမေရိကန်ဒေါ်လာ 0.27 နှင့် ညီမျှသည်။)

ဒူဘိုင်းတရားရုံးမှ အသက် ၃၈ နှစ် အရွယ် ပါကစ္စတန်လူမျိုး ဖခင် K.A. အား ထောင်ဒဏ် ၅ နှစ် နှင့် ၎င်း၏ ၃၅ နှစ် အရွယ် ဇနီး S.K. ကို ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်လိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် သမီးငယ်ကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု နှင့် သမီးငယ်အား သူစိမ်းယောက်ျားနှင့် လိင်ဆက်ဆံမှုပြုရန် အဓမ္မတွန်းအားပေးမှုများ ကျူးလွန်ခဲ့သည်။

၁၆ နှစ် အရွယ် မိန်းကလေးမှ တရားရုံးတော်၌ မိဘများနှင့် ရင်ဆိုင်တွေ့သောအခါ အော်ဟစ်ငိုကြွေးခဲ့ပြီး ဆင်းရဲတွင်းမှ လွတ်မြောက်ရန်အတွက်ဆိုကာ မိဘနှစ်ပါးမှ သူမ၏ ခန္ဓာကိုယ်ကို DH 16000 နှင့် ရောင်းစားခဲ့ပုံများကို အစစ်ခံထွက်ဆိုခဲ့သည်။

"အဖေက ကျွန်မရဲ့ အပျိုစင်ဘဝကို ရောင်းချခဲ့ပါတယ်... ကျွန်မတို့ မိသားစု ဆင်းရဲတွင်းကလွတ်အောင် ကျွန်မက ကူညီစေချင်တယ် တဲ့... ကျွန်မမလုပ်ချင်ပေမယ့် အဖေ နှင့် အမေက ပြည့်တန်ဆာအလုပ်ကို ဇွတ်တင်း တွန်းအားပေး လုပ်ခိုင်းခဲ့ပါတယ်.." ဟု ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေးမှ ပြောကြားသည်။

ဥပဒေအရာရှိများက K.A. နှင့် S.K. တို့သည် ၎င်းတို့၏ မိဘဘဝကို တစ်လွဲအသုံးချ၍ လူကုန်ကူးမှု ကျူးလွန်ခြင်း၊ ၎င်းတို့၏ သမီးကို အလိုမတူပါပဲလျက် အဓမ္မ လိင်လုပ်ငန်းအတွင်းသို့ သွတ်သွင်းခြင်းများ ပြုခဲ့သည်ဟု ဆိုသည်။

တရားရုံးတော်မှ မိခင်ဖြစ်သူကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှုဖြင့်လည်း ထောင်ဒဏ် ၆ လ ထပ်မံချမှတ်ခဲ့သည်။

ဇွန် ၂၆၊ ကြာသပတေးနေ့က တရားစီရင်ချက်များတွင် တရားသူကြီးမှ ပါကစ္စတန်လူမျိုးနှစ်ဦးဖြစ်သော အသက် ၄၀ နှစ် အရွယ် A.H. နှင့် အသက် ၁၉ နှစ် အရွယ် M.S. တို့ကို အယ်လ်မန်ခိုရပ်ကွက် မြေညီတိုက်ခန်း၌ ပြည့်တန်ဆာလုပ်ငန်း ဖွင့်လှစ်ထားရှိမှုဖြင့် ထောင်ဒဏ် ၂ နှစ် စီ ချမှတ်ခဲ့သည်။

၎င်းတို့မှ ပြည့်တန်ဆာမြောက်များစွာထံမှ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သည့်အပြင် ၎င်းတို့၏ ပြည့်တန်ဆာလုပ်ငန်း မြှင့်တင်ရေးအတွက် ဇိမ်မယ်များ၏ ကိုယ်လုံးတီးပုံများ၊ ညစ်ညမ်းပုံများကို အင်တာနက် ဝဘ်ဆိုဒ်များ၌ တင်ရှိခဲ့သဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

ဆယ်ကျော်သက် မိန်းကလေး နှင့် လိင်ဆက်ဆံမှုပြုခဲ့သော ပါကစ္စတန်စီးပွားရေးသမား M.Y. သည်လည်း ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရသည်။

မိန်းကလေးမှ တရားရုံးတော်သို့ ဤသို့ ပြောကြားခဲ့သည်။ "ကျွန်မတို့က ဆင်းရဲပါတယ်... အဖေက ကျွန်မကို ဒူဘိုင်းကို လိုက်လာဖို့ ဇွတ်အတင်း ခေါ်ခဲ့တာ... အဖေက ပြောတယ်... ကျွန်မသာ ပြည့်တန်ဆာလုပ်ရင် ကျွန်မတို့ လျင်လျင်မြန်မြန် ချမ်းသာလာမယ် တဲ့... ကျွန်မက မလုပ်ဘူးလဲ ငြင်းလိုက်ရော အဖေက စိတ်ဆိုးတယ်လေ... ဒါပေမယ့်လည်း ဖိအားတွေက အရမ်းများ၊ တွန်းအားတွေက ပေးလွန်း ဆိုတော့... နောက်ဆုံး ကျွန်မလည်း မတတ်သာပဲ လက်ခံခဲ့ရပါတယ်..."

"မိန်းကလေးရဲ့ ပထမဆုံး ဆက်ဆံခဲ့ရတဲ့ ဖောက်သည်က ဘယ်သူပါလဲ? အဲဒီ ဖောက်သည်က မိန်းကလေးသည် ဥပဒေအရ အရွယ်မရောက်သေးဘူး ဆိုတာက သိပါသလား?" ဟု တရားသူကြီးမှ မိန်းကလေးကို မေးမြန်းသည်။

M.Y. အား လက်ညှိုးထိုး၍ မိန်းကလေးမှ ဤသို့ ဖြေကြားသည်။ "ဒီလူကြီးပါပဲရှင်... ကျွန်မမိဘတွေက ကျွန်မကိုခေါ်ပြီး M.Y. ရှိတဲ့ ဟိုတယ်အခန်းထဲကို ပို့ထားခဲ့တယ်... သူက ကျွန်မကို အဝတ်အစားတွေ ချွတ်ဖို့ ပြောတယ်... ဒါပေမယ့်လို့ ကျွန်မစိတ်တွေ ရှုပ်ထွေးပြီး ငိုမိတယ်... ကျွန်မကို ဒီလိုမလုပ်ဖို့ သူ့ကို ကျွန်မ တောင်းပန်ပါတယ်... သူက ကျွန်မကို ခြိမ်းခြောက်တယ် ရှင့်... သူခိုင်းတဲ့အတိုင်း လုပ်မပေးရင် သူပေးထားတဲ့ DH 16000 ကို အဖေ့ဆီက ပြန်တောင်းမယ် တဲ့... ကျွန်မလည်း ငိုလျက်က ငွေတော့ပြန်မယူဖို့ တောင်းပန်မိပါတယ်... ကျွန်မအဝတ်အစားတွေ တစ်ပိုင်းတစ်စ ချွတ်ပေးလိုက်ပါတယ်... သူက အတင်းအကျပ်လုပ်လာတော့ ကျွန်မ အဖေ့ဆီကို ဖုန်းခေါ်ခွင့် သူ့ဆီကို ခွင့်တောင်းတယ်... ကျွန်မ အဖေ့ဆီကို အကျိုးအကြောင်း ပြောပြတော့ အဖေက နင် M.Y. ကို စိတ်မပျက်စေနဲ့ တဲ့... ဟုတ်ကဲ့... M.Y. က ကျွန်မ အရွယ်မရောက်သေးဘူးဆိုတာ သိပါတယ်... ပြီးတော့ သူ ဒီလို DH 16000 ကို ပေးထားတယ်ဆိုတာ ဒီ ရည်ရွယ်ချက် နှင့် ပေးထားတယ် ဆိုတာကိုလည်း ကျွန်မကို ပြောပြပါတယ်..."

"A.H. နှင့် M.S. တို့က မိုဘိုင်းဖုန်းတွေသုံးပြီး ကျွန်မရဲ့ ပုံတွေ နှင့် မပေါ့်တပေါ်ဝတ်ထားတဲ့ တခြားအမျိုးသမီးတွေရဲ့ ပုံတွေကို ရိုက်ယူ၊ အင်တာနက်ပေါ်တင်ပြီး ဖောက်သည်တွေကို ဆွဲဆောင်ပါတယ်..." ဟု မိန်းကလေးမှ တရားသူကြီးအား ရှင်းပြခဲ့သည်။

ဥပဒေအရာရှိ၏ မှတ်တမ်း၌ ရဲသတင်းပေးတစ်ယောက်မှ ဖောက်သည်တစ်ယောက် အသွင်ယူ လှုပ်ရှားကာ အမှုကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး မိန်းကလေး၏ မိဘနှစ်ပါးကို ပူးပေါင်းစုံစမ်းရေးအဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ကျန်တရားခံများကို အချုပ်ချထားသည်ဟု ပါရှိသည်။
ဇွန် ၂၆၊ ကြာသပတေးနေ့က ချမှတ်ခဲ့သော ယင်းစီရင်ချက်များအား ၁၅ ရက်အတွင်း အယူခံပိုင်ခွင့် ရှိသည်။


Credit : shwemyanmarmediagroup