ဘက်ဟမ်း၏ ဘောလုံးအသင်းသစ်အတွက် ကွင်းနေရာ လျှောက်ထားမှု ငြင်းပယ်ခံရ

ပို့စ်တင်ချိန် - 6/11/2014 01:04:00 PM



ကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ရန် စိုင်းပြင်းနေသော ဒေးဗစ်ဘက်ဟမ်းသည် အသင်းပိုင်ကွင်း မြေနေရာအတွက် စိတ်ကြိုက်ရွေးချယ် လျှောက်ထားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ မီယာမီတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင်ဟောင်းဘက်ခမ်းက ဘောလုံးအသင်းတစ်သင်း တည်ထောင်သွားရန် ပြင်ဆင်လျှက် ရှိသည်။

မီယာမီရှိ ဘတ်စကက်ဘော ကွင်းကြီးတစ်ခုအနီး မြေနေရာကို ဘက်ဟမ်းက ၎င်း၏ ဘောလုံးအသင်းအတွက် အိမ်ကွင်းအဖြစ် တည်ဆောက်ရန် ရွေးချယ်ပြီး အဆိုပြုခဲ့သော်လည်း မြို့တော် အုပ်ချုပ်ရေး တာဝန်ရှိသူများက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဘက်ဟမ်းအဆိုတင်သွင်းသော ကမ်းနားမြေကွက် နေရာသည် ဘောလုံးကွင်း ဆောက်လုပ်ရန် သင့်လျော်မှု မရှိဟု သက်ဆိုင်ရာက ပြန်ကြားခဲ့သည်။ ဘက်ဟမ်း၏ ကုမ္ပဏီဖြစ်သော Beckham Miami Unitedကမူ မိမိတို့သည် အခြားသင့်တော်မည့် နေရာသစ် တစ်ခုကို ရှာဖွေသွားမည်ဟု ကြေညာသည်။

ဘက်ဟမ်းသည် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲတွင် ပါဝင်မည့် ဘောလုံးအသင်း တစ်သင်းကို တည်ထောင်ရန်အတွက် မကြာသေးမီ လပိုင်းအတွင်း လန်ဒန်နှင့် မီယာမီ ကူးချည်သန်းချည် သွားလာနေခဲ့သည်။

စည်းမျဉ်းများအရ ဘက်ဟမ်း၏ ကုမ္ပဏသည် အားကစားကွင်း တည်ဆောက်ခွင့် နေရာတစ်ခု အတည်ပြု သတ်မှတ်ပြီးမှသာ အမေရိကန် မေဂျာလိဂ် ဘောလုံးအဖွဲ့ချုပ်ထံမှ အသင်းဝင်ခွင့် တရားဝင် ရရှိနိုငမည် ဖြစ်သည်။

အစောပိုင်းက ကမ်းနားမြေကွက် တစ်ခုကို ဘက်ဟမ်းအနေဖြင့် စိတ်ဝင်စားခဲ့သေးသော်လည်း ခရုစ်သင်္ဘောလိုင်း အချို့၏ ဆန့်ကျင်မှုများကြောင့် အဆင်မပြေခဲ့ချေ။

Beckham Miami United ကုမ္ပဏီသည် ကွင်းသစ်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ အကုန်အကျခံ မြှုပ်နှံသွားရန် သဘောတူညီထားပြီး ပရိသတ် ၂၀,၀၀၀ ဝင်ဆံ့သည့် ကွင်းမျိုးကို ဆောက်လုပ်သွားဖွယ် ရှိနေသည်။

ယခုစီမံကိန်းတွင် ဘက်ဟမ်းနှင့်အတူ စီးပွားရေး စွန့်ဦးတီထွင်သူ ဆိုင်မွန်ဖူလာ၊ မိုဘိုင်းဖုန်း ဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဘီလျံနာသူဌေး တစ်ဦးအဖြစ် ကြွယ်ဝနေသူ မာဆယ်လို ကလော်ရီတို့လည်း ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။

_Ref: BBC
7Day DAILY