လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော

ပို့စ်တင်ချိန် - 6/11/2014 12:49:00 PM


ကြည်ဆုသာ| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာကို သွားမယ်။ သွားချင်တာ မဟုတ်ဘူး၊ သွားကိုသွားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပထမဆုံးခရီးသည ဖြစ်လာမည် ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အတွင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင် ခွင့်နှင့်ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကိုခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက ဒေါ်လာ ၁၅ သန်း (မြန်မာကျပ်ငွေ ၁၅ ဘီ လီယံခန့်) ကုန်ကျမည် ဖြစ်သည်။ဇွန်လ ၉ ရက်သည် သရုပ်ဆောင် ချမ်းမီမီကို၏ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ် သည့်အတွက် ယင်းနေ့တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ချမ်းမီမီကို နှင့် ဦးစိုးထွန်း ရှိန်တို့၏ ချစ်သူသက်တမ်း သုံးနှစ်ခွဲတွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က ပျားရည်ဆမ်းခရီးအနေနဲ့ လကမ္ဘာကိုသွားမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ တိတိကျကျပြောလို့ မရသေးပါဘူး။ ဂျပန်နိုင်ငံကို သူတို့အရင်သွားမယ်။ ပြီးရင် ဘန်ကောက်၊ လန်ဒန်၊ သြစတြေးလျ၊ အမေရိ ကန်နဲ့ ရုရှနိုင်ငံတွေကို သွားမယ်။ (လကမ္ဘာ)ကိုသွားရင် အစားအသောက်ပိုင်းတွေ၊ စာရင်းသွင်းရတာတွေ ကအစ တန်းစီပြီး စောင့်ရပါတယ်” ဟု ယင်းမင်္ဂလာပွဲ၏ wedding planner အဖြစ် ဆောင်ရွက်ခဲ့သည့် နဒီစိုးက ပြောသည်။

၎င်းတို့စုံတွဲသည် လကမ္ဘာပျားရည်ဆမ်းခရီးတွင် ကုန်ကျမည့် ကုန်ကျစရိတ်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ သန်း (မြန်မာကျပ်ငွေ ၂၅ ဘီလီယံ) ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အာကာသ ခရီးသည် ကိုးဦးရှိပြီး ပထမဆုံးခရီးသည်သည် အမေရိကန်နိုင်ငံသား ဒန်းနစ်တီတို (Dennis Tito) ဆိုသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်မှ မေလ ၆ ရက်အထိ ရှစ်ရက်ကြာ သွားရောက်လည်ပတ် ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၂၀ ကုန်ကျခဲ့သည်။

နောက်ဆုံးခရီးသည်ဖြစ်သည့် ကနေဒါနိုင်ငံသား ဂီလာလီဗယ်တေ (Guy Lali-berte) ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ၁၁ ရက်ကြာသွားရောက်ခဲ့ပြီး အမေရိကန် ဒေါ် လာ သန်း ၄၀ ကုန်ကျခဲ့သည်။

၁၀ ရက်မှ ရက်ပေါင်း ၆၀ ကြာ အာကာသခရီးစဉ်တစ်ခုအတွက် လက်ရှိ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၂၅ သန်းမှ ၃၆ ဒသမ ၇၅ သန်း ကုန်ကျလိမ့် မည်ဟု အမေရိကန်နိုင်ငံ လားစ်ဗီးဂပ်စ် အခြေစိုက် Bigelow Aerospace ကုမ္ပဏီ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းခရီးစဉ်များကို ရုရှပြည်ထောင်စု အာကာသအေဂျင်စီ(Roscosmos)၊ ရုရှ အခြေစိုက် အာကာသယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရေးကုမ္ပဏီ RSC Energia နှင့် Space Adventures ကုမ္ပဏီတို့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အာကာသအတွင်းသို့ ခရီးသည်များပို့ဆောင်ပေးခြင်းလုပ်ငန်းကို ရပ်တန့်လိုက်ပြီဟု ၂၀၁၀ပြည့် နှစ် မတ်လ အစောပိုင်းတွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အာကာသခရီးစဉ်များကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်မည်ဟု ရုရှနိုင်ငံမှ ကြေညာခဲ့သော်လည်း ယနေ့ အချိန်အထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင်မှ စတင်နိုင်မည်ဟု ခန့် မှန်းထားသည်။ ယင်းခရီးစဉ်ကို သွားရောက်မည်ဆိုပါက ခြောက်လကြာ လေ့ကျင့်မှုသင်တန်းကို တက် ရောက်ရမည်ဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

ပုံစာအညွှန်း - ဇွန်လ ၉ ရက် Sule Shangrila ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဦးစိုးထွန်းရှိန်။ ဓာတ်ပုံ - လွင်မောင်မောင်

Mizzima Burmese