အရယ်၊ အပြုံး သင်တန်း

ပို့စ်တင်ချိန် - 6/27/2014 07:37:00 AM


အေသင်အောင်

အများပြည်သူကို ၀န်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ ဖော်ရွေမှုက အလွန် အရေးကြီး ပါတယ်။ နာမည်ကြီး လေကြောင်းလိုင်းတွေ၊ ဘဏ်တွေ၊ ဟိုတယ်တွေ စတဲ့ အများပြည်သူနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာဆိုရင် ဖော်ရွေစွာ ဆက်ဆံနိုင်ဖို့ ၀န်ထမ်းတွေကို သင်တန်းတွေ ပို့ချပေး တတ်ကြ ပါတယ်။ တရုတ်နိုင်ငံ၊ Chongaing မြို့မှာရှိတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဟာ ၀န်ထမ်းတွေ ဖော်ရွေမှုရှိစေရေးအတွက် ရည်ရွယ်ပြီး အရယ်၊ အပြုံးသင်တန်း ကို ပို့ချပေးခဲ့ပါတယ်။ တရုတ် ရထားပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဟာ ရထားစီးနင်းတဲ့ ခရီးသွားပြည်သူတွေ စိတ်ချမ်းသာမှု ရရှိရန် အတွက် ဘယ်လိုအကောင်းဆုံး ၀န်ဆောင်မှု ပေးသွားရမလဲ ဆိုတာ သင်တန်းပို့ချခြင်းဖြစ်ပါတယ်။ အထူးသဖြင့် မျက်နှာကို အမြဲတမ်းချိုသာမှုရှိစေရန် အတွက် အဓိကသင်ကြားမှု ပြုလုပ်ပေးခဲ့ပါတယ်။ ချိုသာတဲ့ အပြုံးပိုင်ရှင် ဖြစ်စေဖို့ သွားကြားထဲမှာ တူတစ်ချောင်းကို ကိုက်စေပြီး လေ့ကျင့်မှု အကြိမ်ကြိမ် ပြုလုပ်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသည်တွေကို တွေ့တဲ့အခါတိုင်း အမြဲတမ်း အရယ်၊ အပြုံး ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ထမ်းတွေ ဟာ ခရီးသွား ပြည်သူတွေ အန္တရာယ်ကြုံတွေ့တဲ့အခါ ဘယ်လိုပြုလုပ်ရမလဲ ဆိုတာကို သင်ကြားရပါသေးတယ်။ လှပသေသပ်တဲ့ ၀တ်စုံတွေကို ၀တ် ဆင်ပြီး ခရီးစဉ် မစတင်မီလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ သိရှိနိုင်ဖို့ ရှင်းလင်းပြောဆို တတ်အောင် လေ့ကျင့်ရပါတယ်။ ရထားသွားလာနေစဉ် အတွင်း ခရီးသွားပြည်သူတွေ အတွက် အစားအသောက်များ ပို့ဆောင်ရာမှာ ဖိတ်စင်မှု မရှိအောင် ဗန်းကို ကျွမ်းကျင်စွာ ကိုင်နိုင်ဖို့လည်း ပြင်ဆင်မှုများ ပြုလုပ်ရပါတယ်။ လေယာဉ်မယ်တွေ အတိုင်း လေ့ကျင့်မှုပြုလုပ်ပြီး ရထားစီး ခရီးသည် တွေကို ၀န်ဆောင်မှု အပြည့်ပေးတဲ့ အစီအစဉ်ကတော့ လေးစားစရာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေကို (၂၄) ရက် စခန်းသွင်း လေ့ကျင့်ပေးပြီးတဲ့ နောက်မှာတော့ ၀န်ဆောင်မှု လုပ်ငန်းတွေ စတင်ဖို့ အဆင့်သင့်ဖြစ် သွားခဲ့ပြီလို့ သိရပါတယ်။

The messenger