အောင်မင်္ဂလာအဝေးပြေးမှ ရန်ကုန်မြို့လယ်သို့ ကျပ် ၁,၀၀၀ ဖြင့် ယာဉ်လိုင်းသစ်ဆွဲပြီ

ပို့စ်တင်ချိန် - 6/11/2014 12:00:00 PM



ရွှေရည်ဝင်းထက်| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်
အောင်မင်္ဂလာအဝေးပြေးမှ ဆူးလေသို့ ပြေးဆွဲမည့် အောင်မဟာယာဉ်လိုင်းသစ်ကို ဇွန်လ ၁၀ ရက်မှ စတင်ပြေးဆွဲနေသည်ဟု အောင်မဟာယာဉ်လိုင်းသစ်မှ ဥက္ကဋ္ဌဦးအေးသောင်းက ပြောသည်။

အဆိုပါ အောင်မဟာယာဉ်လိုင်းတွင် ကိုရီးယားကားအမျိုးအစား stareh များကို အသုံးပြုမည်ဖြစ်ပြီး အောင်မင်္ဂလာကားဝင်းမှ အမှတ်(၃) လမ်းမကြီးအတိုင်း မောင်းနှင်မည်ဖြစ်ကာ ကမ္ဘာအေးဘုရားလမ်းမှတစ်ဆင့် ပန်းဆိုးတန်း၊ ထိုမှတစ်ဆင့် ဆူးလေသို့ပြေးဆွဲမည်ဖြစ်သည်။ ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ် ၁,၀၀၀ နှုန်း သတ်မှတ်ထားပြီး ထိုင်ခုံ ၁၂ ခုံ ပါရှိသည်ဟု ဦးအေးသောင်းက ပြောဆိုသည်။

“ကားပေါ်မှာ အဲကွန်းကို အမြဲဖွင့်ထားပါတယ်။ တီဗွီကိုလည်း ထားရှိပေးသွားမှာပါ။ ကားပေါ်မှာ စပယ်ယာ မထားပါဘူး။ ယာဉ်စီးခကို ဒရိုင်ဘာကိုပေးရမယ်။ ဆင်းမယ့်မှတ်တိုင်ရောက်ရင် ကားမောင်းတဲ့ လူကို ပြောလိုက်လို့ရှိရင် သူက ရပ်ပေးပါတယ်။ ခရီးသည်တွေ ကျပ်ကျပ်တည်းတည်းနဲ့ လိုင်းကား တိုးမစီးရတော့ဘူး။ ခရီးသည်တွေ အဆင်ပြေအောင်လို့ စီစဉ်ပေးတာပါ” ဟု ၎င်းကပြောသည်။

အဆိုပါယာဉ်လိုင်းသည် နံနက် ၅ နာရီတွင် အောင်မင်္ဂလာအဝေးပြေးမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ည ၉ နာရီတွင် ဆူးလေမှ အောင်မင်္ဂလာအဝေးပြေးသို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ လတ်တလောတွင် အောင်မဟာယာဉ်လိုင်းသည် ကားစီးရေ ၂၁ စီးဖြင့် စတင်ပြေးဆွဲနေပြီး နောက်ပိုင်းတွင် ကားစီးရေ ၅၀ ထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်သည်။
အောင်မဟာယာဉ်လိုင်းကို အုပ်စုလိုက် လာရောက်ငှားရမ်းပါကလည်း ရန်ကုန်မြို့တွင်းဆိုပါက တစ်ယောက် တစ်ထောင်ကျပ်ဖြင့် ကားစင်းလုံး ငှားရမ်းနိုင်မည်ဖြစ်သည်။

“ခရီးသည်တွေက အထုပ်အပိုးများများစားစားတော့ပါမှာ မဟုတ်ပါဘူး။ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်၊ အထုပ်အပိုးတွေကို ကားပေါ်မှာ ပစ္စည်းထားတဲ့ စင်နေရာရှိတယ်။ အဲဒီမှာ အထုပ်အပိုးတွေကိုထားမယ်။ ပြီးရင် ပစ္စည်းအပ်တဲ့ စာရွက်ပေးမယ်။ ဒါကိုယ့်ပစ္စည်းဆိုတာကို သက်သေပြမယ့် စာရွက်ပေါ့။ ပျောက်ရှမှုတော့ မရှိနိုင်ပါဘူး”ဟု ဦးအေးသောင်းက ဆိုသည်။ အဝေးပြေးဂိတ်သို့သွားမည့် ခရီးသည်တင်ဘတ်စ်ကားကို ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲခြင်းဖြစ်သည်။

Mizzima - News in Burmese